Happy Halloween Day

31/10/2008

အောက်တိုဘာ ၃၁ ရက်ဟာ Halloween Day ဖြစ်ပါတယ်။ Halloween ဆိုတာ All Hallows'Even ကနေလာတာပါ။ Hallow အဓိပါယ်က သူတော်စင်၊မြင့်မြတ်သူ Saints ဖြစ်ပါသတဲ့ ။ သူ့ရဲ့အထိမ်းအမှတ် သင်္ကေတကတော့ရွှေဖရုံသီးထဲ အသားတွေကိုထုတ် ဦးခေါင်းပုံသဏ္ဍန် လုပ်ပြီး အတွင်းက ဖယောင်းတိုင် ထွန်းထားတာဟာ ထင်ရှားတဲ့ သင်္ကေတပါ။ ဦးခေါင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ အဓိကနေရာပါ ဒီဦးခေါင်းထဲမှာဝိဥာဏ်တွေ တန်ခိုးပါဝါတွေ ပါဝင်တယ်လို့ယူဆကြပါတယ်။ Ghost Tours ဟာလဲ Holloween ရဲ့အထိမ်းအမှတ်ပါ ရိုးရာ အဝတ်အစားတွေကတော့ သရဲ သစ္ဆေ မကောင်းဆိုးဝါး ပုံတွေပါ။

ဖေဖေ သူတို့လို ဝတ်ပါလား

30/10/2008

မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။
တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။
ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို... တိုက်ပုံအင်္ကျီအဖြူ၊ ပုဆိုးအစိမ်းဝတ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်
အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့
ဟို... အင်္ကျီအဝါ၊ ထမီအဝါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ
အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့
ဟို... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော
သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့
ဟို... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ
လမ်းပြပုလိပ်တွေပေါ့ သားရဲ့
အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော် ဖေဖေ၊ ဟုတ်လား
ဟုတ်တယ်ကွဲ့
အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ
ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ
အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …
ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊ သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့ တဲ့။

ရေးသူ=ဂျင်ဂလိ


အဆုံးသတ်တိုက်ပွဲ

အမည်တူ ရပုံ

25/10/2008

ရန်ကုန်မှာလုံခြုံရေးအထူးတင်းကြပ်လာတာ၁၉၈၈ခုနှစ်နောက်ပိုင်းကတည်းကဆိုတာ
မြန်မာနိုင်ငံသားတိုင်းသိပါတယ်။ ကား၊ရထား ယာဉ်နဲ့ လမ်းခရီးမှာဆိုရင် မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေးကတ်ပြား) စစ်မယ်။ညဘက်မှာဆို အိမ်တွေ လှည့်ပြီး ဧည့်စာရင်းစစ်မယ်။ မသင်္ကာရင်ဖမ်းမယ်။ အခုဆိုရင်လူနေရပ်ကွက်တွေကနေ ဘုန်းတော်ကြီးကျောင်းတွေတောင် ချမ်းသာ မပေးနိုင်တဲ့ အထိ စစ်ဆေးရေး ထူထပ်လာပါပြီ။
ဒီအချိန်မှာ ညအချိန် လမ်းမှာ ကြောင်တောင်တောင် လူတယောက်ကို မသင်္ကာလို့  ရဲစခန်းကို ဖမ်းခေါ်လာပြီး စစ်ဆေးရာမှာ
ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ
ဟို ဟို ဗျာ။ ဒီ ဒီ-- ကျွန်တော့်နာမည်က
ကိုယ့်နာမည် ကိုတောင်မေ့နေရသလား။ ခင်ဗျားမိဘတွေက ခင်ဗျားကိုဘယ်လိုခေါ်လဲ။
သားသားလို့ ခေါ်တယ်။
ခင်မှားမိန်းမက ခင်ဗျား ဘယ်လိုခေါ်သလဲ။
မောင်တဲ့။
မဟုတ်သေးပါဘူး၊ ခင်ဗျားသား သမီးတွေကရော ခင်ဗျားကို ဘယ်လိုခေါ်သလဲ။
အဖေကြီးတဲ့။
ဟာ- ဒီလူကွာ ကြောင်သလားမမေးနဲ့ ။ ရူးကြောင်ကြောင်ထပ်လုပ်ရင်တော့ နားရင်းတီး မိတော့မယ်။ကိုင်း-- သူငယ်ချင်းတွေကရော ခင်ဗျားကို ဘယ်လိုခေါ်လဲ။
ဆရာတို့ ခုနပြောတဲ့ ရူးကြောင်ကြောင်ဆိုတဲ့ စကားကြားမှ ကျွန်တော့်နာမည် မှတ်မိလာ တယ်။ အဲလို ဖြစ်လွန်းလို့  သူငယ်ချင်းတွေကရော တရွာလုံးက ပေးထားတဲ့ နာမည်ရှိတယ်။ အခုမှ မှတ်မိပြီ။
မှတ်မိရင် မြန်မြန်ပြောဗျာ။

ဟို ဟို - သန်းရွှေကြီး တဲ့။


P.S:copied from hittaing

ရွှေနိုင်ငံမှ ကိုယ်ရွှေ ကိုယ်မျိုးများ

22/10/2008

ဘယ်နိုင်ငံကလဲ.. The Golden Land .. ရွှေနိုင်ငံကပေါ့ ။
ပြည်ပမှာ ကိုယ့်လူမျိုး အချင်းချင်း ဘယ်လို ခေါ်သတုန်း..
ဒါလေးများ.. ကိုယ့်အချင်းချင်း ဂုဏ်တင်ပြီး.. ရွှေ လို့ ခေါ်တယ်..ဟော..ဟိုမှာ ရွှေမလေး.. ဟေးဟေး။ တစ်ခြား နိုင်ငံသူ နိုင်ငံသားတွေဆို ခွေးတို့ ၊ ဖားတို့ ၊ ယပက်လက်တို့ ၊ အမည်းတို့ ၊ အဖြူတို့ ခေါ်တယ်လေ..
အကြိုက်ဆုံးရတနာ..
အားတော့နာတယ်.. ရွှေမှ ရွှေပဲ.. သိတယ်မဟုတ်လား.. ရတနာ စုလို က ရွှေဥ သို့ကြွခဲ့ပါနော်တဲ့..ရွှေဆိုင်ကြော်ငြာတဲ့ မင်းသမီးကြီး.. ရတနာစိန်ကျောက် ဇယ်တောက်တမ်းကစားရအောင်လို့ပြောပြီး ရွှေတွေချည်း ဟီးနေအောင် ဝတ်ထားတာလေ..။ ပြီးတော့ ရွှေက ပြန်ဖျောရတာ လွယ်တယ်..။ ငွေဖြစ်လွယ်တယ်.. Liquidity ဖြစ်တာ မြန်တယ်လေ။
ဘာသာရေးမှာကော..
အမယ်.. ရွှေမှ ရွှေပဲ .. ဘုရားစေတီ ပုထိုးတော်တွေဆိုရင် ရွှေရောင် ဝင်းအိနေမှဖူးမျှော်ရတာ အားရသကိုးဗျ. ထုံးသင်္ကန်းနဲ့  ဘုရားပုထိုးတွေဆိုရင် ကြည့်ရတာ တစ်ခုခု လိုနေသလိုပဲ။ စေတီတော်တွေရဲ့အမည်တွေကိုလည်း ရွှေပါမှ သဘောကျတာ။ရွှေတိဂုံ၊ ရွှေဘုံးပွင့်၊ ရွှေမျက်မှန် အစရှိသဖြင့်ပေါ့..
ပြည်ပရောက်နေတဲ့မြန်မာမလေးတွေကို မြန်မာပြည်တွင်းကကော ဘယ်လို ခေါ်သေးလဲ။
သီချင်းထဲမှာတော့ တစ်ပြည်သူ မရွှေထား လို့ ကြားဖူးတာပဲ။
ပြည်ပမှာ ဆိုင်ဖွင့်ရင်ကော ရွှေပါသေးလား..
မေးနေရသေးလားကွယ်.. ရွှေဒရင်းမ် တို့ ၊ ရွှေကလပ်စစ်တို့ ၊ ရွှေမိသားစု ၊ ရွှေမန္တလေး တို့ နံမည်ကြီးမှကြီး ..
အစားအသောက်မှာကော
ဒါလဲ ရွှေမှ .. ရွှေပဲ ။ ရှေးမြန်မာမင်းတွေလက်ထက်က ရွှေခွက်တွေ ၊ ရွှေဖလားတွေနဲ့  စားတယ်လို့ ပြောတာပဲ။ ငှက်ပျောသီးကို ရွှေကပ်ပြီး လည်း စားတယ်။ အသားလှအောင်လို့ ဆိုပဲ။ တစ်သားမွေး တစ်သွေးလှတဲ့ အမျိုးသမီးတွေကိုလည်း ရွှေမှုံစားပြီး ဖွားတာလား ဆိုပြီး အမေးတောင်ရှိသေးသပ။
ဆေးဝါး တွေမှာကော ရွှေပါသေးလား..
မြန်မာ့တိုင်းရင်း ဆေးတွေမှာဆို ပါသဗျ။ ဥပမာ အနေနဲ့ ဆိုရင် လူပျံတော် ပတ္တမြား ဆိုရင် ရွှေမှုန်ထည့်တယ် ဆိုလား ဘာလား။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ဒါပေမဲ့ ဆေးကိုတော့ ရွှေဆေးလို့ ညွှန်းထားတာပဲ။
ဒါဆိုရင်တော့ ခန့် မှန်းလို့ ရပါပြီ။ အဲဒီနိုင်ငံကြီးလည်း ရွှေထွက်မှာပေါ့..
ထွက်တာကတော့ ပြောမနေနဲ့ ။ ရွှေကြော ။ ရေနံကြော ၊ ကျောက်စိမ်းကြော ပေါသဗျ။
ရွှေတွေ အရမ်းကြိုက်မှတော့ အုပ်ချုပ်သူ အကြီးအကဲမှာလည်း ရွှေပါဖို့ကျိန်းသေတာပေါ့။
ဟာဗျာ.. မေးနေရသေးလား။
အရမ်းကြိုက်တာပေါ့နော်..
သိဘူးဗျ...
ပြည်ပမှာ နေတဲ့သူတွေ ရွှေမြန်မာ ရွှေမြန်မာ လို့ ပြောပြောနေတော့ ပါးစပ် စီးနေတာ နေမှာပေါ့။
ရွှေမြန်မာလို့ ပြောရတာ အားရသကိုး ...
အားရတာလည်း ရပေါ့.. ရွှေနိုင်ငံ ၊ ရွှေမြန်မာဆိုတော့လည်း .. အင်းပေါ့လေ သူ့နိုင်ငံ၊သူ့ ပြည်သူပြည်သားလို့ ဆိုနေသလိုလို .. နည်းနည်းတော့ လျှော့ပြီးပြောပေါ့။ ရွှေမထည့်နဲ့ တော့လေ။ မြန်မာ ဆိုလည်း မြန်မာ ။ ဗမာ ဆိုလည်း ဗမာပေါ့။ပြီးတော့ ပြည်ပမှာ နေရတာ လွယ်တာမဟုတ်ဘူး ။ ရသမျှလည်း စုမိဆောင်းမိအောင် ခြစ်ခြုပ်ပြီး စု စု နေနေရတာ။ ရွှေမြန်မာလို့ ပြောနေမဲ့ အစား xမြန်မာ ဆို ပိုမကောင်းဘူးလား။
ကြိုက်ပါဘူးဗျာ...ခေါ်ရတာ ထောက်နေတယ်။ xမြန်မာ ဆိုတော့ အင်း..အဲ.. ရွှေပြည်တော်ရေ..မျှော်လေတိုင်း ဝေးပေါ့ဗျား..

Happy Birthday Min Ko Naing

18/10/2008

သေခြင်းဟာ သေမင်းအလုပ်
ကိုယ့်အလုပ် မဟုတ်ဘူး...
ရှင်တာကိုပါ ခေါင်းထဲကထုတ်
ကိုယ့်အလုပ်က...
ကိုယ်လုပ်စရာရှိတာ
လုပ်နေဖို့...။
(မင်းကိုနိုင်)
ဒီနေ့ အောက်တိုဘာ ၁၈ ရက် ဟာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင် ဟာ ၁၉၈၈ မှ ၂၀၀၈ အတွင်း သူ၏ မွေးနေ့တွေတိုင်းတွင် ၂၀၀၅ ခုနှစ် မှလွဲ၍ ၁၈ ကြိမ်လုံး အကျဉ်းထောင် တွင်းမှာသာ ဖြတ်သန်းခဲ့ရသည်။

နွား သတင်းစာ ရှင်းလင်းပွဲ

15/10/2008

တရုပ်ပြည်မှ နို့ထွက် ပစ္စည်းသာ မကဘဲ တရုပ်လုပ် အီတလီ ခေါက်ဆွဲခြောက် တွင်ပါ မယ်လမင်း ဓါတ်ပါရှိကြောင်း ဂျပန်တွင် တွေ့ရှိရသည်။

သီတင်းကျွတ် လပြည့်

14/10/2008


ဒီနေ့သီတင်းကျွတ် လပြည့်နေ့ပါ။ မြတ်စွာဘုရား သည် တတိယမြောက် ဝါကို တာဝတိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီး မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿီနတ်သား အားအမှုးပြု၍ အဘိဓမ္မာ တရားတော်ကို ဟောကြားခဲ့သည်။ သီတင်းကျွတ် လပြည့်နေ့တွင် နတ် ဗြဟ္မာ အပေါင်း ခြံရံ၍ အိန္ဒိယ နိုင်ငံ သင်္ကဿနဂိုရ်ပြည် သို့ ပြန်လည် ဆင်းသက် ကြွမြန်း တော်မူသည်။ ထိုအခါ လူအပေါင်း တို့က ဆီမီး အလင်းရောင်ဖြင့် လမ်းပြပူဇော် ကြသည်ကို အကြောင်းပြု၍ ယနေ့ခေတ် တိုင်အောင် နှစ်စဉ် ကျင်းပ ကြသည်။

မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက်

10/10/2008


သန်းရွှေရဲ့ လတ်တလော ပစ်မှတ်

အတိတ် နိမိတ် တဘောင် စနည်း ဘဝေါ

အတိတ်ဟူသည်- သုံးပါးကာလ အတီတကို ပမာတင်၍ အဓိပ္ပါယ် ကောက်ယူရခြင်း
နိမိတ်ဟူသည်- အနာဂတ်မှာ ဖြစ်ပျက်ရာကို ပြလာတုံရှောင်း အကြောင်းတစိ တွေ့မြင်ဘိသည်ကို နှိုင်းညှိဆင်၍ သိရခြင်း
တဘောင်ဟူသည်- တံဘာသ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာပြီး ရှေ့၌ ဖြစ်လတ္တံ့သော အကြောင်းကို ဆောင်၍ ပေါ်လာသော သီဆိုကခုန်မှု ဆိုင်ရာ သီချင်း
စနည်းဟူသည်- မြန်မာနဲ့ပါဠိ ရောနေတဲ့ စံ နဲ့ နယ ကလာတဲ့ စကားလို့ သိရပါတယ်။ လူငှက် စသည်တို့ရဲ့ အသံကို ကောက်ယူမှတ်သား ဟောပြောရခြင်း
ဘဝေါဟူသည်- ဘုရားကျောင်းကန် စေတီ ဇရပ် ပြာသာဒ် တို့မှာ ဖြစ်ပျက်ပုံတွေ နေ လ ကြယ်တံခွန် တို့ရဲ့ ဖြစ်ပျက်ပုံတွေကို အဓိပ္ပါယ်ကောက်ပြီး ဟောပြောရခြင်း လို့ဆိုထားပါတယ်။

ရခိုင် (တဘောင်)

ဂငယ်လေးဆူ အုတ်သစ်ထူ
ထူသည့်အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့်ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ
ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်း
ခညောင်း မ လိမ့်မည်။

(ရခိုင်တဘောင်)

အယူတော် မင်္ဂလာ ဦးနိုး (တဘောင်)

09/10/2008

တပင်တိုင် ခဝါချပါလို့
ပွင့်လိုက်တဲ့ အသီးတွေ၊ တွန့်လို့သာကြွေ
အသီးကြွေရာသီပြောင်း
သာသနာမောင်း ရှေ့ကဆော်
ဒေါင်းတွေကအော်။
ဒေါင်းအော်ရင်မနေသာ၊ သူလာပါလိမ့်လေး
ရှေ့နေထွက်လျက်မှောင်ကြတယ်
သန်းခေါင်လကွယ်ထက်ဆိုး။
ခြသေ့င်္မင်းကတန်ခိုးကြွယ်
တိုးလို့သာပျက်လိမ့်ဦး
ဂူအောင်းတဲ့ခင်ကြီးပျော်တို့ရယ်
သမီးတော်လွှတ်လိုက်ပါဦး။
ဇာဏီကြက်မသူတွန်လျင်
ဇမ္ဗူတခွင်လင်းလို့မဆုံး။

ယောအတွင်းဝန် ဦးဖိုးလှိုင် (တဘောင်)

သာသနာတဝက်ခရီးမှာလ
မြန်မာတွေ ကနက်ထီးတွေနဲ့
ပျက်ဆီးဖို့အရေးကြုံ
ရွှေပေးလို့ သူမယုံ
ငွေပေးလို့ သူမယုံ
နယ်ကုန်အောင်အများ
တံတားတွေ တွင်တွင်ဆောက်ပါလို့
ဘုရားတွေ ရင်ပြင်မောက်ရင်ဖြင့်
တပါးပြည်ဝင်ကာ မနှေက်ရအောင်
ပြည်တော်ပြန်သူ့မယ်ထွေးကို
နန်းအပ်မှအေး။

အိမ်မက်ထဲက မြန်မာပြည်

08/10/2008

ဘာပြောတယ် လော်ရာ
စိတ်မဝင်စားဘူးလို့ပြောတာပါ ဒယ်ဒီ
မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး
ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်
အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။
အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ
ဝင်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က
မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့စာကောင်း စာခန့်တွေဖတ်လို့ရမယ်။
ပြီးတော့...
ရှိတ်စပီးယားထက်ပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့
ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား
သိပ်တော့မထူးပါဘူး
ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာထွက်လာမယ့် Window Popa (ဝင်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော
ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့မကောင်းတော့တဲ့ Window Vista နဲ့နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ ပြေး နေတဲ့ အရှေ့တောင်အာရှကို
မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ
ဘာဆိုင်လဲဒယ်ဒီရာ
ဆိုင်တာပေါ့ .. On Touch Screen နဲ့Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ) အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ
Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ
ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး ..
မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃ က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။
သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့ သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့ .. ဟုတ်ပြီလား
ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ
ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ် လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့
မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ဝင်ကြည့်မလို့လေ
စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ
ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။
သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး တစ်ကောင်လုံးဝါးစားလို့ရအောင် လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသား တွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရည်ကြီးလား
.. ဒါမှမဟုတ်
တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက
သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင် ဒါတွေထည့်စဉ်းစားဖို့ကို မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘူးတွေ ထုတ်ပေးမယ်။
နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ်
ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception ကိုပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်
.. နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီ GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့မေ့ရင်လည်း မပူနဲ့ လေဆိပ်မှာ
လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ ရတယ်လေ။ အများစုကတော့
ဆသရ လို့ ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ
သြော် ကောင်းလိုက်တာနော် အစိုးရနဲ့ နိုင်ငံရေးရော .......
အစိုးရ ... အစိုးရ .. ဒီ အစိုးရကတော့ကွာ .. ဒီလိုရှိတယ် ... ဒယ်ဒီပြောမယ်
ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးကာ ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့ လေသတည်း။
P.S: copied from a journal.

လူမိုက်

ဒီကာတွန်းမှ လူမိုက်ဆိုသည်မှာ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ဟုအရင်ဆုံး မြင်မိသည်။

မြန်မာစကား ပြောချင်လွန်းလို့

07/10/2008


မြန်မာနိုင်ငံတွင် ဂျပန်များ အုပ်စိုးနေသော ဒုတိယကမ္ဘာစစ် အချိန်ကာလဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည် မြန်မာစကားအလွန်တတ်ချင်သဖြင့် အမြဲလေ့လာလျက်ရှိသည်။ နေ့စဉ်အရပ်သုံး မြန်မာစကားများကို လေ့လာကျက်မှတ်သည့် အပြင် အိတ်ဆောင်မှတ်စု စာအုပ်ဖြင့်လည်း မြန်မာစကား အသံထွက်များကို ဂျပန်လို ရေးမှတ်ထားလေ့ရှိသည်။
တစ်နေ့တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီးလျက် မြို့ထဲသို့ထွက်လာစဉ် လမ်းလျှောက်လာသော မြန်မာတစ်ယောက်ကို မမျှော်လင့်ဘဲ ဝင်တိုက်မိသည်။ အတိုက်ခံရသူက ဘာမှမဖြစ်သော်လည်း ဂျပန်စစ်သား မှာမူ စက်ဘီးရော လူရော လဲကျသွားသည်။ ထိုအခါ ဂျပန်စစ်သားသည် လဲနေရာမှ ချက်ချင်းထ၍ သူ၏ မှတ်စုစာအုပ်ကို ထုတ်လျက် စာရွက်များကို အပြင်းအထန် လှန်နေသည်။ ကိုရွှေ မြန်မာမှာမူ သူ့ကို ရေးမှတ်သွားပြီး ဖမ်းဆီးတော့မည် ထင်၍ ကြောက်လန့် တုန်လှုပ်နေ၏။
သို့သော် ဂျပန်စစ်သားက သူ၏မှတ်စုစာအုပ်ကို ကြည့်၍ အားရပါးရ အော်လိုက်သံကို ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကို မနည်းချုပ်တည်း ထားရလေ၏။
ဂျပန်စစ်သားက မြန်မာစကား မပီမသဖြင့် အော်လိုက်သည်ကတော့ “အမလေးဗျ” ဟူသတည်း။

ဒီပရင်္ဂ

06/10/2008


ပုံပြင်ထဲကမြို့လဲမဟုတ်
ဒဏ္ဍာရီထဲကမြို့လဲမဟုတ်
ရာဇဝင်ထဲက မြို့တစ်မြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းကရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။
ဒီမြို့ကိုကတူးလူမျိုးတွေတည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဖက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေဆိတ်ယောင်ဆောင်
ရေသောက်မဲ့ ဟန်မြည်သံပေးတာကိုအစွဲပြုလို့
ဒီမြို့နာမည်တွင်ခဲ့ရ။
အရှေ့မှာဧရာဝတီ
အနောက်မှာချင်းတွင်း
မနီးဝေးမှာမူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းခဲ့တယ်။
သာသနိကအဆောက်အအုံတွေပေါများ
ရဟန်းပညာရှိလူပညာရှိတွေထွန်းကား
တစ်ခြားမြို့တွေနဲ့စီးပွါးကူးသန်းသွားလာဖို့လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့၁၂မြို့ထဲကမြို့တစ်မြို့။
အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့စံနောင်တော်ကြီးဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာစစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရရဲခေါင်ဘွဲ့နဲ့ဒီမြို့ရဲ့မြို့ဝန်။
ဘုံခန်းပျို့ဆရာအရှင်အဂ္ဂသမာဓိ
စစ်သူကြီးမဟာဗန္ဓုလ
မုံတိုင်ပင်ဆရာအရှင်ဝံသ
အတုလဆရာတော်အရှင်ယသ
မြသိန်းတန်ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
လယ်တီဆရာတော်
ဒါဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာမင်းတုန်းမင်းကိုပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသားခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့မြို့ဝန်ဦးမှန်း
အောက်ပြည်ကိုထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေအတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ်ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက်သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ဒီဒေသ
ဆောင်းတွင်းအခါသမယမှာ
မိုးရွာဖို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင်အကြောင်းမရှိပေမယ့်
ရုတ်တရက်မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကိုဖြတ်သန်းရင်း
ဒီမြို့ကိုကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကိုခြောက်လှန့်နေလေရဲ့။

(ကြည်မောင်သန်း)ချယ်ရီမဂ္ဂဇင်း ၂၀၀၈ ဇွန်လ
ထိုကဗျာကြောင့် ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ ၂ ဦး အလုပ်ထုတ်ခံခဲ့ ရသည်။ အယ်ဒီတာ များမှာ တာဝန်ခံ အယ်ဒီတာ ဒေါ်သပြေနှင့် အမှုဆောင် အယ်ဒီတာ လင်းထိပ်သျှင် တို့ဖြစ်သည်။

ဆွမ်းခံထွက်ချိန်

05/10/2008


စစ်အစိုးရ လက်ထက် သံဃာတွေရဲ့ ဘဝကို မြင်သာစေတဲ့ ကာတွန်းလေးပါ။ ဖိနှိပ်ခံရတဲ့ သံဃာ နဲ့ ပြည်သူ တစ်သားထဲ ဖြစ်သွားတာကတော့ အမြတ်ကျန်ခဲ့ပါတယ်။ စက်တင်ဘာ အရေးအခင်း ပြီးနောက်မှာ သံဃာတော်တွေ အပေါ် ပိုပြီးသက်ဝင် ယုံကြည် လာပါတယ်။

မဲဇာတောင်ခြေ

04/10/2008

မဲဇာတောင်ခြေ၊စီးတွေတွေတည့်
မြစ်ရေဝန်းလည်၊မြိုင်တောဆီက
ရွှေပြည်ကိုသာ၊တရှာတော့မိ
မိုးရှိရှိလျှင်၊သီရိကျက်သရေ
တက်ဖြိုးဝေသား၊အောင်မြေကြော့ကြော့
ကုန်းမော့မော့နှင့်၊ဘိုးတော်ကောင်းမှု
တည်ထားပြုသည်၊ဇမ္ဗူ့ ဆီမီး
ခြောက်ရောင်ညီးမျှ၊ဂူကြီးသခင်
ရွှေလင်းပင်နှင့်၊ရွှေခြင်္သေ့မြွေ
စ၍ရေသော်၊ရွှေစေတီကြီး
အသီးသီးတည့်၊ပိတ်ဆီးခြယ်သန်း
လျှပ်ရောင်သန်းမျှ၊ရွှေနန်းရွှေဘုံ
အလုံးစုံကို၊အာရုံမျက်မြင်
ဖူးမြှော်ချင်၍၊သည်တွင်ရွှေမြို့ 
သည်သို့စေတီ၊သည်ဆီရွှေနန်း
ဖြောင့်တန်းတော့မည်၊စိတ်ကရည်သည်
ရွှေပြည်ဌာနဝေးသောကြောင့်။

သဲသာသောင်မြေ၊မြစ်ကမ်းခြေလည်း
အကြောတပြင်၊တို့အောင်ခွင်ဝယ်
ရေရှင်ပတ်ဝန်း၊ပျော်ဖွယ်ထွန်းလိမ့်
တကျွန်းလောက်ပင်၊ဝေးမည်ထင်ခဲ့
စီးသွင်ညိုရစ်၊မဲဇာမြစ်လည်း
ထစ်ထစ်ထွန်းဘိ၊ချုံအတိနှင့်
တောကြီးဆိတ်ညံ၊ဆီးကျံကျံဝယ်
ဓူဝံမပေါ်၊မမြော်ပါရ
တေကိုတလည်း၊ဘယ်ကရှေ့ နောက်
ဘယ်တောင်မြောက်ဟု၊တွေးထောက်မမှန်
ဖန်ဖန်အံ့သြ၊ကြံတိုင်းမောစွ
ဘယ်တောဘယ်မြိုင်၊မသိနိုင်ခဲ့
မခိုင်စိတ်ဝမ်း၊နေ့တိုင်းလွမ်းရှင့်
ကင်းစမ်းတောင်က၊လေဦးစ၍
နောက်မှလေရှည်၊အတည်တည်သည်
လေပြည်လာက အေးသောကြောင့်။

ပွဲခါညောင်ရေ၊သွန်းမြဲပေတည့်
ရိုသေသဒ္ဓါ၊ထုံးစဉ်လာဖြင့်
မဲဇာရပ်သူ၊တောင်းဆုယူသည်
ရွှေဂူတော်နှင့်၊ရှုတိုင်းတင့်သား
မိုးမြင့်သီခေါင်၊မဲဇာချောင်က
တစ်တောင်လုံးမှိုင်း၊စ၍ဆိုင်းသော်
တောင်တိုင်းယှက်၍၊ဝန်းကာဝှေ့သည်
တောင်ငွေ့ဝေဝေ၊အထွေထွေနှင့်
လေလည်းရောရော၊မိုးမပါပဲ
သံဝါဖြောက်ဖြောက်၊ဆီးနှင်းပေါက်လည်း
မိုးလောက်ပြင်းထန်၊သွန်းချပြန်သော်
ယုဂန်ထင်ရှား၊တောင်တော်ဖျားက
ရထားယဉ်သာ၊နေစင်္ကြာလည်း
ရောင်ဝန်မထွန်း၊ချမ်းရှာလွန်း၍
တည့်မွန်းချိန်နေ၊ရောက်လွယ်စေဟု
စေ့ရေလှည့်လည်၊တလျက်မည်သည်
နေခြည်ဖြာမှ နွေးသောကြောင့်။

လက်ဝဲသုန္ဒရ အမတ်ကြီး (မဲဇာတောင်ခြေ ရတု)

China Food

02/10/2008


Bullet=China Milk

သခင်ကိုယ်တော်မှိုင်း

01/10/2008


ထီမထင် ဆရာမှိုင်း

သြော်…ဝေးခရီးကပေမယ့်
အရေးကြီးလျှင်ဖြင့်၊သွေးနီးရာပါစမြဲပေမို့
ဆရာလဲကွာ
ပထမ အရင်ကနဦးဆီက
မြန်မာတခွင်မှာ သမ္မတ ရှင်ဘုရင်မလူးခင်ပ
ထ ဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့
ထီ မထင်ကျောင်းတော်သားတွေရဲ့ 
အမည်စာရင်းမှာ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ ဆရာကို
စာရင်းတို့ကာထားလိုက်ကြပေတော့။

(သခင် ကိုယ်တော်မှိုင်း)
သခင်ကိုယ်တော်မှိုင်း အား ရွှေတောင်နယ် ဝါးလယ်ကျေးရွာ အဖ ဦးစံထွန်း အမိ ဒေါ်အုန်း တို့မှ ၁၈၇၆ မတ်လ ၂၃ ရက် ကြာသာပတေးနေ့ တွင်ဖွားမြင်၍ ငယ်မည်မှာ မောင်လွန်း ဖြစ်သည်။ ၁၉၂၀ ကျောင်းသားသပိတ် ပြီးနောက် ပေါ်ပေါက်လာသော အမျိုးသားကောလိပ် ကျောင်းတွင် ကျောင်းဆရာအဖြစ် ဝင်ရောက် ဆောင်ရွက် ပေးခဲ့သည်။ ၁၉၃၆ တွင် တို့ဗမာ အစည်းအရုံး၌ နာယက ဖြစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဖွဲ့၍ ပြည်တွင်းစစ် မဖြစ်ရန် ကြိုးပမ်းခဲ့သည်။ တော်လှန်ရေး ကောင်စီ အာဏာ ရလာပြီးနောက် အဖွဲ့ ဖျက်သိမ်းခံရကြောင်း သိရှိ၍ စိတ်ထိခိုက်ကာ မကျမ်းမာဖြစ်၍ ၁၉၆၄ ခုနှစ် ဇူလှိုင် ၂၂ ရက် တွင်သတိမရှိတော့ပဲ ၂၃ ရက် နံနက် ၁ နာရီ တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ် ရှိပြီဖြစ်သည်။