Beat that, then

25/04/2009

ဟဲဟဲ ... ငါကပိုများတယ်။

စစ်ကျွန်စနစ် အောက်က သားကောင်များ

22/04/2009

(၁)
အချိန်ကား (၁၉၉၄) ခုနှစ်။
နေရာကား သန်လျင် တဘက်ကမ်း။
အကြော်သည် ဒေါ်အေးစိန် ၏ အိမ်တွင် လူစည်ကား နေသည်။ ဖတဆိုး သားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ် ဘာသာ ဂုဏ်ထူး ဖြင့် အောင်သည်မို့ အခမ်း အနားလေး တစ်ခု ကျင်းပ နေခြင်း ဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများ ကို မုန့်ဟင်းခါး ပွဲလေး နှင့် ဧည့်ခံ နေရင်း ဒေါ်အေးစိန် ရင်ထဲတွင် ဝမ်းနည်း ဝမ်းသာ ခံစားနေရသည်။ ဝမ်းနည်း သည်က ခင်ပွန်းသည် အတွက်၊ ဝမ်းသာ ရသည်က ချစ်လှစွာသော သားလေး အတွက်။ ခင်ပွန်းသည် ဆုံးပါး သွားပြီး နောက်မှာ ဘဝ ကို ပင်ပင်ပန်းပန်း ရုန်းကန် ရင်း သားလေး ကို လူလား မြောက်အောင် တာဝန် ယူခဲ့ရသည်။ ခြောက်နှစ် ဆိုသော ကာလ မှာ ပင်ပန်း ပါဘိခြင်း။ အခုတော့ ပင်ပန်း ရကျိုး နပ်ပါသည်။ သားလေး ဆယ်တန်း အောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရ ပညာတတ် ဖြစ်အောင် ဆက်ကြိုးပမ်း ရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာ မငယ်စေရ။
“အမေ ပျော်လိုက်တာ သားရယ်၊ ငါ့သားလေး အတွက် အမေဂုဏ်ယူတယ် သိလား။ တက္ကသိုလ် ဆက်တက်နော် သား။ အမေ ထားပေးမယ်”
“အမေလဲ ပင်ပန်း နေပါပြီ အမေရယ်။ အမေ ပိုက်ဆံ မကုန်အောင် လေ သား စစ်တက္ကသိုလ် ပဲ သွားတော့မယ်”
“ဘာ—-”
သားလေး ရဲ့ စကားသံ အဆုံး မှာ သူမ တကိုယ်လုံး အေးစက် တောင့်တင်း သွားသည်။ “အမယ်လေး၊ ကိုသောင်းမင်း ရယ်”လို့သာ တမ်းတ ဟစ်အော်ပြီး ငိုလိုက်ချင်စိတ် ပေါက်သွားသည်။
“သားရယ်။ စစ်တက္ကသိုလ် တော့မသွားပါနဲ့။ မင်းအဖေ သေရတာ စစ်တပ်က ပစ်တဲ့ သေနတ် ကျည်ဆံ ကြောင့်ဆိုတာ သားလဲ သိသားနဲ့”
လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုး များကို ပြန်သတိရ လာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ဝန်ထမ်း။ ရှစ်လေးလုံး အရေးတော်ပုံ မှာ ပါဝင်ဆန္ဒ ပြခဲ့ရင်း စစ်တပ် မှပစ်သော သေနတ်ကျည် သင့်ပြီး သေဆုံး ခဲ့ရတာဖြစ်သည်။
“သားသိပါတယ် အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ် တက်ပြီး ဘွဲ့ရတော့ကော အလုပ် ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရ တက္ကစီ မောင်းသမား တွေ မှ အများကြီး ရယ်။ စဘော် တင်စရာ လေးရှိရင်တော့ တက္ကစီ လေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော် တင်စရာ ငွေတောင် ရှိတာမှ မဟုတ်တာပဲ။ ပြီးတော့ အမေ ပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေနဲ့ ကျောင်း မတက် ပါရစေနဲ့ အမေရယ်။ အခုအချိန် မှာ စစ်တက္ကသိုလ် တခုတည်းပဲ ထွက်ပေါက်ရှိနေတာ”
“ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေ ကြိုးစားလာခဲ့ သမျှဟာ လူသတ်သမား ဖြစ်ဖို့ မဟုတ်ဘူး နော်။ မလုပ်ပါနဲ့”
“သားဆုံးဖြတ် ပြီးပြီ အမေ။ သားဘဝ တက်လမ်း အတွက် ဒီအက်စ်အေ ကိုပဲသွားချင်တယ်”
(၂)
အချိန်ကား (၂၀၀၅) ခုနှစ်။
နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းသစ်။
“သမီး၊ ဆုံးဖြတ်ပြီးပြီ လား”
မေမေ့ရဲ့ အေးစက်စက် အသံ ကြောင့် လင်းလင်းနွယ် မျက်နှာလေး ငယ်သွားရသည်။ ချစ်သူ က လက်ထပ် ချင်သည် ဆို၍ မေမေ့ အား ပြောပြ အသိပေး ရခြင်းဖြစ်သည်။ စစ်တပ် မှ အရာရှိ ငယ်လေးမို့ မေမေ မငြင်း လောက် ပါဘူး ထင်ထား မိသည်။
“မေမေက သဘော မတူလို့လားဟင်”
“မတူရုံတင် မကဖူး သမီး။ အဲလို လူစားမျိုး တွေနဲ့ မပတ်သက် ချင်ဘူး”
“ဘာဖြစ်လို့လဲမေမေ”
“မေမေဟာ ချမ်းသာကြွယ်ဝ တဲ့ မျိုးရိုး က ဆင်းသက် လာပေမယ့် လူတန်းစား လုံးဝ မခွဲတတ်တာ သမီး သိတယ်နော်”
“သိပါတယ် မေမေ”
“မေမေ လူတိုင်း ကို မေတ္တာ ထားနိုင်တယ်။ ဒါပေမယ့် အဲဒီ အထဲမှာ ဒီလိုလူတွေ မပါဘူး။ လူသတ်သမား တွေ မပါဘူး”
မေမေ့ မျက်ဝန်း ထဲက နာကြည်းမှု အရိပ် တွေကို မြင်တွေ့နေရတာ မို့ သူမမှာ အသံပင် မထွက်ရဲ။
“လူနာ တွေကို မေမေ သိပ်ချစ်တယ်သမီး။ မေမေ တို့ဆရာဝန်၊ ဆရာမတွေ အလုပ် ဆိုတာက လူနာ တွေကို ကယ်ဖို့။ ဆေးရုံ ဆိုတာ လူ့အသက်တွေ ကို တတ်နိုင်သမျှ ကြိုးစား ကယ်တင် နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်က စစ်တပ်ဟာ လူ့အသက်တွေ ကို ကယ်တင် နေတဲ့ ဆေးရုံဝင်းထဲ ကို သေနတ်တွေ နဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲ တွေကို ရပ်ပါတော့လို့ တောင်းဆို ခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေ ကို သွေးအေးအေး နဲ့ သတ်ပစ် ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေ ကို မျက်ဝါး ထင်ထင် တွေ့ထား ရတဲ့ မေမေဟာ ဒီလို လူမျိုး တစ်ယောက်ကို ကိုယ့်မိသားစု ထဲ အဝင်မခံနိုင်ဘူး နော်သမီး”
“မေမေရယ်။ အဲဒီတုန်း က ကိုကိုတို့ပါခဲ့တာမှ မဟုတ်တာ။ အခုတပ်မတော်ကြီး ကလဲ ပြောင်းလဲ နေပါပြီ မေမေရဲ့။ အရင်လို မဟုတ်တော့ပါဘူး”
“တော်စမ်း လင်းလင်းနွယ်။ မင်းသားခေါင်း ဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထား နိုင်မှာတဲ့လဲ။ မေမေ တစ်ခွန်းပဲ ပြောမယ်နော် သမီး။ လုံးဝသဘော မတူနိုင်ဘူး။ ယောက်ျား မရှားပါဘူးသမီးရယ်။ သမီး ကြိုက်တယ် ဆိုရင် လမ်းဘေးက ဆိုက်ကားသမား ကို ရွေးလာလဲ မေမေ သဘောတူမယ်။ ဒါနောက်ဆုံး ပြောတာ”
အင်မတန်ပြတ်သား ထက်မြက် လှသော မေမေ့ ကို သူမ ဘာမှပြန်မပြောရဲ တော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့ သူမ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေး ကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။
(၃)
၂၀၀၇ ခုနှစ်၊ မတ်လ။
တပ်ရင်း ( ) အရာရှိအိမ်ယာ။
“မင်းကို ဝတ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ”
“အဲလို ပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို”
“ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန် နားကပ်ကြီးကို ပြောနေတာ”
“ဒါ ဘာထူးဆန်း လို့လဲကိုကို။ စိန်အပါးဝိုင်း နားကပ်။ ကျွန်မ တို့ မျိုးရိုး စဉ်ဆက် ဒီလိုပဲ ဝတ်ခဲ့ကြတာပဲ။ အခမ်းအနားပဲ ကိုကို။ ဝတ်မှာပေါ့”
“မင်းဝတ်ထား တာတွေကြည့်ပြီး၊ တပ်ရင်းမှူး ကတော် ဘယ်လောက် မျက်နှာပျက် နေတယ်ဆိုတာ မင်း မမြင်ဘူးလား”
“ဘယ်တတ်နိုင် မှာလဲ ကိုကို။ ကိုယ့်ရှိလို့ကိုယ် ဝတ်တာပဲ။ ပြီးတော့ ဒါက သူတို့လို မတရား သဖြင့် စီးပွားရှာ လာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေ မှမဟုတ်တာ။ မိဘ အမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ”
“မင်းစကားတွေ ဘယ်ရောက် နေလဲဆိုတာ မင်း သိသင့်တယ်နော်။ မင်း အခုနေနေတာ စစ်တပ်ကွ။ မင်း ယူထား တဲ့ ယောက်ျား က စစ်သား”
“ဘာလဲကိုကို။ စစ်တပ် ဆိုတာ ဒီလိုကြီးနိုင် ငယ်ညှဉ်း လုပ်နေတဲ့ နေရာမျိုး လား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမ တွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာ လေးကိုတောင် ထုတ်မဝတ်ရ တဲ့ နေရာမျိုးလား”
“စစ်တပ် ဆိုတာ အထက် လူကြီးတွေကို ရိုသေလေးစား ရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာ အရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော် က စိန်ဝတ်ရင် ကိုယ်က ရွှေပဲဝတ် ရမယ်။ သူတို့ကို တုပြိုင် သလိုမျိုး ဘယ်တော့မှ မဖြစ်ရဘူး”
“တော်စမ်းပါ ကိုကိုရာ။ အဲဒီသြ၀ါဒတွေ ကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော် ကိုကို။ ကျွန်မ ပညာတတ် မိန်းမ။ ပညာ၊ ဥစ္စာ ရှိပေမယ့် ကျွန်မ မမောက်မာဘူး။ ဘယ်တုန်း ကမှ လူတဘက်သား ကို နှိမ့်ချ မဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့ လူကြီး မိန်းမ တွေရဲ့ မောက်မာမှု တွေကို သည်းခံ နေတာနော်။ လကြီးကတော် ဆိုတာတွေ ကို ခြေသလုံး ဖက် ဒူးတုပ် ခယ နေရတဲ့ ဘဝကို သိပ်ပြီး ကျေနပ် လွန်းတယ် မထင်နဲ့”
“မကျေနပ် တော့ မင်းက ဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီး ကျော်စွာမင်း ရဲ့ မိန်းမ။ ဒီတော့ ငါ့အထက် က အရာရှိ ကတော် တွေအားလုံးဟာ မင်းရဲ့ အထက် လူကြီး တွေပဲ။ ရိုသေ လေးစား ရမယ်။ ခိုင်းတာ လုပ်ရမယ်။ ဒါပဲ”
“ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မ ကိုက ကျွန် ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမ ပဲဖြစ်ရတော့မှာပေါ့”
သူမရဲ့ ပေါက်ကွဲအော်ဟစ်သံ အဆုံးမှာ ဗိုလ်ကျော်စွာမင်း ရဲ့ လက်က လေထဲသို့မြောက်တက် သွားသည်။
“မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း”
သူမ မျက်စိ ပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့ အသံ က ထွက်ပေါ် လာခဲ့သည်။ သမီး ကို စိတ်မချသူ မေမေ က ဆေးခန်း အပြန် ဆို တခါတလေ ဝင်လာနေကျ။
“မင်းကို ဒို့က ယောက်ျားကောင်း တစ်ယောက် လို့ ထင်ထားတာ။ လက်စသတ် တော့ တကယ့် လူဖျင်း လူညံ့ ပါလား”
“လင်မယား ကြားမှာ ဝင် မပါချင်ပါနဲ့ အန်တီ”
“ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ် ကို ကာကွယ်ဖို့ အမေ တစ်ယောက်မှာ တာဝန်ရှိတယ်”
“အန်တီ့ သမီး မှာ ဘာအန္တရာယ် မှ ကျရောက် နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲ နားမလည်လို့ ကျွန်တော် က ဆုံးမနေတာ”
“ဒို့သမီး ကို လူရာဝင် အောင် အမေ တစ်ယောက် အနေနဲ့ ဆုံးမ လမ်းညွှန်ခဲ့ပြီးသား။ လူအရိပ် အကဲ ဆိုတာ ကိုလဲ သူ နားလည် တယ်။ သူ့အခွင့် အရေး ကိုလဲ သူ နားလည်တယ်။ ဧည့်ခံပွဲ ဆိုတာကို ဘယ်လို ဝတ်စား သွားရမယ်၊ အသုဘ ဆိုတာကို ဘယ်လို ဝတ်စား သွားသင့်တယ် ဆိုတာလဲ သူသိတယ်။ အေး- တစ်ခုတော့ ရှိတယ်။ ကျွန် ခံနည်း ကိုတော့ ဒို့မသင် ပေးခဲ့ဖူးဘူး”
“အန်တီက ကျွန်တော့် ကို စော်ကား နေတာလား”
“မင်း အကြောင်း မင်း သိမှာပေါ့။ ကိုယ့်မိန်းမ တစ်ယောက် ကို သူတပါး ရှေ့မှာ ဒူးတုပ် ခစားဖို့ ကျွန်ဇာတ် သွင်း နေတဲ့ ယောက်ျား မျိုး ဒို့တသက် မှာ ဒီတခါပဲ တွေ့ဖူး သေးတယ်။ ကိုယ့်မိန်းမ ကိုယ် မကာကွယ် ပေးနိုင်ပဲ အိမ်တွင်း အကြမ်းဖက်မှု လုပ်နေတဲ့ ယောကျာ်း တစ်ယောက် လက် ထဲမှာ ဒို့သမီး ကို ဘယ်လို စိတ်ချ ရမလဲ”
မေမေနဲ့ သူ စကား ပြောနေစဉ်မှာ သူမ ခေါင်းထဲ တွင် အတွေး များ ရှုပ်ယှက် ခတ်နေသည်။ သူ့ ကိုချစ်တာ မှန်ပေမယ့် ဒီလို ဒဏ် တွေကို သူမ မခံနိုင်။ မဆီမဆိုင် သူတပါး အောက်ကျို့ နေရသည့် ဘဝ ကိုလဲ သူမ စိတ်ကုန် လှပါပြီ။ ကြီးနိုင်ငယ်ညှဉ်း ဖြစ်ရပ် များစွာ ကိုလဲ သူမ တွေ့နေခဲ့ရပြီ။ အထက် လူကြီး ကတော် ခြေသလုံး ကို နှိပ်ပေး ရတဲ့ အကြိမ် များလဲ မနည်း တော့။ ယောက်ျား များ အလုပ် သွားနေစဉ်၊ အရာရှိ ငယ်မိန်းမ များ ကို အိမ်ခေါ် ပြီး ညစ်ညမ်းခွေ များပြနေသည့် လူကြီးကတော် ကလဲ ရှိသေးသည်။ စကော့ဈေး ခေါ်သွားပြီး သူတို့ စမော လေးများ နှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော် လိုက်ပေးရသည် ကလဲ ရှိသေးသည်။ အထက်ကို ဖားပြီး အောက်ကို ဖိရသည် ကိုလဲ ရွံ့မုန်း လှပြီ။ သူမ တသက်လုံး အိမ်ဖော် တွေနဲ့ ကြီးလာ ခဲ့တာ ဆိုပေမယ့် ပိုက်ဆံ ပေးပြီး အကူအညီ ခေါ်ထား ခဲ့ခြင်းသာ ဖြစ်သည်။ အခု ကျတော့ သူတို့ယောက်ျား စစ်သား ဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီး အိမ် က ခေါ်ခိုင်း လိုက်၊ အရာခံဗိုလ် အိမ် ကခေါ်ခိုင်း လိုက်၊ အရာရှိ အိမ်က ခေါ်ခိုင်းလိုက် လုပ်တာကို ခံနေကြရ ရှာသည်။ လက်အောက်က စစ်သားမိန်းမ များ ဘဝ ကိုလဲ သနားလှသည်။
“ကျွန်မ တခု ပြောမယ် ကိုကို။ ထမင်းတလုတ် ရှာစားဖို့ဆိုတာ မခက်ခဲ ပါဘူး။ ကိုကို တပ်ကနေ ထွက်လိုက်ပါ။ ကျွန် ခံပြီး စားရတဲ့ ထမင်း ကို မက်မနေ စမ်းပါနဲ့”
“မင်းပါးစပ် ပိတ်ထားလို့ ငါ ပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန် ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယား ချင်း ကိစ္စ အချင်းချင်း ရှင်းပါရစေ”
“ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလို လူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့”
မေမေ့ ခေါ်သံ အဆုံးမှာ သူမအခန်းထဲ ဝင်ပြီး ပစ္စည်း သိမ်းမိ ခဲ့တော့သည်။ လွတ်လပ်သော မိသားစု ဘဝ လေး ကိုသာ သူမ လိုချင်ခဲ့ခြင်း ဖြစ်ပါသည်။ အိမ်ထောင်လေး တခါပြုမိ ကာမှ အိမ်ထောင်သည် ယောက်ျား ကိုသာမက ရှိသမျှ လူ အားလုံးရဲ့ ကျွန်သဘောက် ဖြစ်နေ ခဲ့ရသည်ကို သူမ ဘဝင် မကျပါ။ မရီမပြုံး ချင်ပဲ ဟန်ဆောင်ပြုံးပြ နေရသည့် ဘဝ တွေကိုလဲ သူမငြီးငွေ့လှပြီ။
(၄)
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။
သန်လျင် တဘက်ကမ်း။
ဒေါ်အေးစိန် တစ်ယောက် ဘုရား ရှိခိုးပြီး မေတ္တာသုတ် တရားတော်ကို ရွတ်ဖတ် နေမိသည်။ တာဝန်ထမ်းဆောင် နေသော သားလေး ဘေးအန္တရာယ် ကင်းဝေးဖို့ကိုလည်း ဆုတောင်း နေမိသည်။ သားလေးတပ်က ရန်ကုန်မှာ ဆိုပေမယ့်၊ မိသားစု အိမ်လေးကို မခွာ ရက်တာကြောင့် သားလေး နှင့် သွားမနေ ဖြစ်ပါ။ တလတခါ ရောက်ရောက် လာတဲ့ သားလေး နဲ့ ချွေးမ ကိုပဲ အိမ်ကနေ စောင့်စား တွေ့ရ တော့သည်။ အခုတလော တော့ ဘာဖြစ်တယ် မသိ။ လူတွေ ပေါ်မလာ ဘဲ ငွေပဲ ရောက်ရောက် လာတတ်သည်။ နေထိုင်ပဲ မကောင်း လို့လား။
“ဒေါ်ကြီးစိန် ရေ။”
ရပ်ကွက် ထဲက မောင်အေး အိမ်ပေါ် တက်လာ တာကြောင့် ဧည့်ဝတ်ပြု ရသည်။ ဒီသူငယ်လေး က ရပ်ကွက် ထဲက လူမှုရေး ကိစ္စ မှန်သမျှ တက်တက်ကြွကြွ ပါဝင် တတ်သည်။ သူမ ကိုလဲ အသက်ကြီး အမယ်အို ဆိုပြီး စောင့်ရှောက် ပေးသည်။ အင်တာနက် ဆိုလား၊ ဘာ ဆိုလား တော့မသိ။ ကော်ဖီဆိုင် လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီး ကိုလဲ ဖွင့်ထား သေးသည်။
“ဒေါ်ကြီး ရယ်။ ဒေါ်ကြီး သား၊ ကိုကျော် လုပ်ရက်တယ် ဗျာ”
“ဟေ”
သား အသံ ကြားတော့ သူမ သေချာ နားစွင့် မိသည်။ မောင်အေး မျက်လုံး မှာ မျက်ရည် စတွေ ကို တွေ့လိုက် ရတာကြောင့် စိတ်ထဲ မကောင်း ဖြစ်သွားသည်။ ဘာများ ဖြစ်လို့ပါလိမ့်။
“ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီး ကို သေချာ ပြောပြ မှပေါ့”
“အခုတလော ရန်ကုန်မှာ ဘုန်းကြီး တွေ မေတ္တာပို့ ဆုတောင်းပွဲ တွေ လုပ်ကြတယ် ဒေါ်ကြီး။ မြန်မာပြည် ကြီး ငြိမ်းချမ်း သာယာ ဖို့အတွက် လမ်းလျှောက် ပြီး မေတ္တာ ပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံ ဘုရား ပေါ်မှာ မေတ္တာ ပို့ဝတ်ပြု နေတဲ့ ဘုန်းကြီးတွေ ကို ခေါင်းရိုက်ခွဲ ပြီး သတ်ကြ တယ်။ သံဃာတော် အများကြီး ကိုလဲ စစ်ကားကြီး တွေနဲ့ ဖမ်းခေါ် ကြတယ်။ လမ်း ပေါ်မှာလဲ လူတွေနဲ့ သံဃာတွေ နဲ့ကို သေနတ် တွေနဲ့ပစ်၊ ဒုတ်တွေ နဲ့ရိုက်ကြတယ်”
“ အို-ဘုရား။ ဘုရား။ မကြား ရက်စရာ တွေ။ ဗုဒ္ဓဘာသာ တိုင်းပြည် မှာ ဒီလို တွေဖြစ်နေတယ် ဟုတ်လား။ ရွှေတိဂုံ ဘုရား ပေါ်မှာ ဝတ်ပြု နေတဲ့ သံဃာ ကို ခေါင်းရိုက်ခွဲ သတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန် တွေ၊ လူစင်စစ် က ပြိတ္တာ ဖြစ်မယ့်ဟာတွေ”
“ဟုတ်တယ် ဒေါ်ကြီး ရယ်။ ကြားရတဲ့ လူတိုင်းလဲ ငိုယို မျက်ရည်ကျ နေကြ ရတယ်။ လူမဆန် ဘူးဗျာ။ လူတွေ မဟုတ်ဘူး။ ပိုပြီး ဆိုးတာက။ ဒီမှာ ကြည့်ပါဦး ဒေါ်ကြီးရာ။ အင်တာနက် မှာ ပါလာ တဲ့ဓာတ်ပုံ။ အဲဒါတွေ ကို စီစဉ် ကွပ်ကဲ နေတဲ့ စစ်ဗိုလ် က ကိုကျော် မှ ကိုကျော် အစစ် ဗျ။ ဒေါ်ကြီးသား ကိုကျော် ဗျ”
မယုံနိုင် စရာ ပုံရိပ် ကိုကြည့်ရင်း သူမ ကြက်သေ သေသွားသည်။ ဒါဟာ သူမ မွေးထုတ် ခဲ့တဲ့ သား တဲ့။ ဒါဟာ သူမ အကြော် ဆီပူအိုး ဘေး မှာ နှစ်ပေါင်း များစွာ အပူခံ ပြီး ပညာ သင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ ဘုရား သားတော် တွေကို စော်ကား သတ်ဖြတ် နေတဲ့ သားတဲ့။ ဘုရား။ ဘုရား။
ဘုရားစင် ရှေ့သို့ သူမ ပြေးသွား လိုက်သည်။
“အရှင် ဘုရား။ ဒီလိုသားဆိုး သားမိုက် ကို လူလား မြောက်စေခဲ့တဲ့ တပည့်တော်မ ကို ခွင့်လွှတ်ပါဘုရား”
(၅)
(၂၀၀၇) အောက်တိုဘာလ။
စင်ကာပူ နိုင်ငံ။
မွေးဖွားပြီး ဆေးရုံ မှဆင်းလာကာစ မို့ သူမ တကိုယ်လုံး နွမ်းနယ် နေသည်။ ကိုကို နဲ့ လမ်းခွဲ ခဲ့စဉ်ကတည်းက သူမ ဆီမှာက ကိုကို့ ကိုယ်ဝန် ပါလာခဲ့သည်။ သမီး ကို အင်မတန် ချစ်တာမို့ မေမေ က စင်ကာပူ အထိ တကူးတက ခေါ်လာပြီး မွေးဖွား ပေးခဲ့သည်။ သားလေး ကိုတွေ့တော့ ကိုကို့ ကို သတိရ သွားသည်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေး တော့ ပို့ပေးဦးမှ။ သားလေး ကိုမြင်ရင် ကိုကို့ စိတ်တွေ ပြောင်းလာ မှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမ တို့မိသားစု နဲ့ နေချင် လာမှာပါ လို့ တွေးလိုက် မိသည်။
“သမီး အွန်လိုင်း တက်လိုက်ဦးမယ်နော် မေမေ”
သူမ ကပြောတော့ မေမေ က အလိုက်တသိပဲ သားငယ် လေးကို လာချီ ပေးသည်။ ကံ အကြောင်း မလှသော သမီးလေး ကို မေမေ က အစွမ်းကုန် အလို လိုက်လေသည်။
သူမ အီးမေးလ် ထဲသို့ မဝင်စဖူး အီးမေးလ် တွေ အများကြီး ရောက်နေတာ ကြောင့် အံ့သြ သွားမိ သည်။ ဘာတွေများ ဖြစ်နေ သလဲ။ သိပ်မကြာလိုက် ပါ။ အခြေ အနေတွေ ကို သူမ သတိပြုမိ သွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာ လိုက်ကြတာ။ မိုက်ရိုင်း လိုက်ကြတာ။ သူမ ရင်ထဲက မခံချင်စိတ် များသည် နောက်ထပ် အီးမေးလ် တစ်စောင် ကို ဖွင့်ကြည့်မိသည့် အချိန် မှာတော့ အဆုံးစွန် သို့ ရောက်သွား တော့သည်။
“တိရစ္ဆာန် ကောင်။ တိရစ္ဆာန်။ အဲလို လူမျိုး ဟာ ငါ့ယောက်ျား တဲ့လား။ ငါ့သား ရဲ့ အဖေ တဲ့လား”
သူမ အသံ ဘယ်လောက် ကျယ်သွားသည် မသိ။ မေမေ က ပျာပျာယာယာ နဲ့ သူမ အနီး သို့ရောက်လာသည်။
“မေမေ ရယ်။ သူ-”
ဘာမှ ဆက်မပြော နိုင်တော့ပဲ လည်ချောင်း ထဲတွင် တစ်စို့စို့ ဖြစ်နေသည်။ မျက်ရည်များ က အလိုလို လိမ့်ဆင်း ကျလာသည်။
မေမေ က သူမ ခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်း လိုက်သည်။
“မေမေ သိပြီးပါပြီ သမီးလေး ရယ်။ မေမေ အားလုံး ကို မြင်တွေ့ ခဲ့ပြီး ပါပြီ။ ဆေးရုံ မှာတုန်းက သမီးလေး ကို တမင် ပြောမပြ ခဲ့တာပါ”
“မေမေ ရယ်။ သားလေး က သူ့ရဲ့ ရင်သွေး တဲ့။ သမီး ဘယ်လို—-”
သူမ ရဲ့ နှုတ်ခမ်းကို မေမေ က လက်ချောင်း လေးများဖြင့် အုပ်ကာ လိုက်သည်။
“အဲလို မပြောပါနဲ့ သမီး။ ကလေးလေး မှာ ဘာအပြစ် မှ မရှိပါဘူး။ တကယ်တော့ သားသမီး တွေဟာ သူတို့ မိဘ ကို ရွေးချယ် ပိုင်ခွင့် အခွင့်အရေး တွေ မရှိ ကြရှာပါဘူး။ သိပ် သနား ဖို့ကောင်းတဲ့ ကလေးလေး တွေပါ။ လူဖြစ်မယ် မကြံ သေးဘူး။ မိဘ ရဲ့ ဆိုးမွေ၊ ကောင်းမွေ ကို ခံကြရ ရှာတာပါ။ လောက မှာ ယုတ်မာ မိုက်ရိုင်း တဲ့ ဖခင် က မွေးလာတဲ့ ကလေးလေးတွေ အားလုံး ဖအေတူ ဖြစ်လာမယ် ဆိုတဲ့ နိယာမ မရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်း ရဲ့ ဖခင် ဟာ လူကောင်း လား၊ လူဆိုး လား မေမေ တို့ ဘယ်သိ နိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကို ဒီလို ဖြစ်အောင် လုပ်ခဲ့ တာဟာ သူ့မိဘ မဟုတ်ဘူး သမီး။ စနစ် လေ။ သူဟာ စနစ် ရဲ့ သားကောင် ဘဝ၊ စစ်ကျွန် ဘဝ ကို သွတ်သွင်း ခံလိုက် ရတာပါ။ သူ့မိဘ နဲ့ မဆိုင် ပါဘူး။ ဒီလိုပဲ အခု သမီး ရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေး ဟာလဲ သူ့အဖေ လိုပဲ ဖြစ်လာ မယ်လို့ ဘယ်သူ က တပ်အပ်ပြောနိုင် မှာလဲကွယ်။ ဒါမျိုး တွေ မတွေး ပါနဲ့ သမီးရယ်။ မြေးလေး ကို သူ့အဖေ ရဲ့ အရိပ် မည်းတွေ မရှိတဲ့ နေရာမှာ ပြုစု ပျိုးထောင် ပေးကြရမယ်။ မေမေ့ မြေးလေး တသက်လုံး စစ်ကျွန် မဖြစ် စေရဘူး။ သမီး နားလည်တယ် နော်”
မေမေ့ စကားသံ အဆုံး မှာပဲ အခန်း ထဲက သားလေး ငိုသံ ကြားတော့ သူမ အပြေးအလွှား သွားရောက် ပွေ့ချီ မိလေသည်။ သားလေး ကို ချီထားရင်း သူမ ပြောမိတဲ့ စကားက
“မေမေ့ သားလေး ဘယ်တော့မှ စစ်ကျွန် မဖြစ် စေရဘူး” ဟူသတည်း။
ဖြစ်ရပ်မှန် ဝတ္ထု လေးပါ။

(ရေးသားသူ - ထက်ရည်လင်း)။

Kyaymon (The Mirror)

17/04/2009

မြန်မာ နှစ်ဆန်း တစ်ရက်နေ့ ကြေးမုံ သတင်းစာ။

မြန်မာ့ တပ်မတော် သားများ သိရှိရန်

ဒါမျိုး ရေးမှ သိမှာ။
ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင် ဖြစ်နေတာကိုး။

NO SMOKING

14/04/2009

ကဗျာချိုး ဆေးလိပ်ချိုး ဆရာမိုး

ဆေးလိပ် သောက်တာ မကျန်းမာ
ရွံလည်း ရွံစရာ
ငွေကုန် သံပြာ ချောင်းတွေဆိုး
သောက်ဟဲ့ သေခြင်းဆိုး
တင်မိုး … တင်မိုး …
(ကဗျာဆရာ တင်မိုး)
ဆရာ တင်မိုး က ဆေးလိပ် မပြတ် ခဲ့ပေမယ့် ကျွန်တော် ကတော့ ဆေးလိပ် မသောက် ဖြစ်တာ ဒီနေ့ ဆိုရင် ၁ နှစ် ပြည့်ပြီ။ လက်ရှိ အသက်ထက် တစ်ဝက် ကျော် နေ့စဉ် သောက်ခဲ့တယ်။ ဒီ တခါတော့ ဘဝ မှာ ကြီးမားတဲ့ အောင်ပွဲ လို ခံစားရတယ်။

သင်္ကြန်

11/04/2009

လန်းသူက လန်း...ခမ်းသူက ခမ်း
ကျွန်တော် ကတော့ ဟိုး.. အဝေးကြီး မှာ သင်္ကြန် နဲ့ ဘာမှ မဆိုင်သူ တစ်ယောက်လို..

အမေ နဲ့ သား (သို့) “သ”ဝဂ်ကထာ

07/04/2009

(အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)
အမေ ကျနော့်ကို မတားနဲ့
ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။
အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ တမလွန် ခရီးကို မသွားပါနဲ့ဦး
ကျနော်တို့ ဒီမိုကရက်တစ်နိုင်ငံတော်ဆီ သွားရဦးမယ် အမေ …။
အမေ ကျနော့်ကို မတားနဲ့
ကျနော် နေပြည်တော်ကို သိမ်းမှ ဖြစ်မယ်။
အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ … လူ့ဘဝကို မသိမ်းပါနဲ့ဦး
ကျနော်တို့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ
သွေးစွန်းနေတဲ့ ဒေါင်းအလံတွေ
သွေးစွန်းနေတဲ့ မျက်ရည်တွေ သိမ်းရဦးမယ် အမေ …။
အမေ ကျနော့်ကို မတားနဲ့
ကျနော် စစ်အာဏာရှင်မှန်သမျှ သတ်မှဖြစ်မယ်။
အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ ပရိဒေဝမီးတွေ မသတ်ပါနဲ့ဦး
ကျနော်တို့ အစိုးရအကြမ်းဖက်ဝါဒကို သတ်ရဦးမယ် အမေ
ကျနော်တို့
အစိုးရ အကြမ်းဖက်ဝါဒကို
သတ်ရဦးမယ် အမေ …။ ။
အမေ့သား-အောင်ဝေး
၂၃-၁၀-၂၀၀၇
(ခေတ္တ ပုန်းခိုကျင်း တနေရာ)

လူထု ဒေါ်အမာ

လူထု ဒေါ်အမာ ကို မန္တလေးမြို့ ဂုန္တန်ရပ် ၌ အဘ ဦးထင် ၊ အမိ ဒေါ်စု တို့မှ ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ ရက် တနင်္လာ နေ့ တွင် မွေးဖွား ခဲ့ပြီး မွေးချင်း ၁၂ ဦး ရှိသည့် အနက် စတုတ္ထ မြောက် ဖြစ်သည်။ အမည်ရင်း မှာ အမာ ဖြစ်သည်။ ၁၉၂၀-၂၃ ခုနှစ် တရုတ်တန်း အမျိုးသမီး နေရှယ်ကျောင်း နှင့် ABM ကျောင်း တို့တွင် ငယ်ဘဝ ပညာ သင်ကြား ခဲ့ ကာ ၁၉၃၁-၃၃ တွင် မန္တလေး ဗဟို အမျိုးသား ကျောင်း မှ ၁၀ တန်း အောင်သည်။ ၁၉၃၃-၃၅ ခုနှစ် ၌ မန္တလေး ဥပစာ ကောလိပ် တွင် ဓာတု၊ရူပ၊ သချာင်္ ဘာသာ တွဲယူ၍ တက်ရောက် ခဲ့ပြီး ၁၉၃၆ တွင် ရန်ကုန် တက္ကသိုလ် ဘီအေ အောက်တန်း သို့ တက်ရောက်စဉ် အင်းယားဆောင် သဟာယ စာဖတ်အသင်း အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ဒုတိယ ကျောင်းသား သပိတ် တို့၌ ပါဝင်ခဲ့သည်။ ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ဦးလှ နှင့် လက်ထပ် ခဲ့ပြီး၊ သားသမီး ၅ ဦး ဖြစ်တဲ့ ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း (စာရေး ဆရာ ညီပုလေး) တို့ ထွန်းကား ခဲ့သည်။ ၁၉၄၉ မှာ လူထု သတင်းစာ နဲ့ ကြီးပွားရေး ပုံနှိပ်စက် များ တည်ရှိရာ အဆောက်အဦး ကို စစ်တပ်က ဒိုင်းနမိုင်း နဲ့ ဖောက်ခွဲ ဖျက်ဆီး ခဲ့သည်။ ၁၉၇၈ သြဂုတ် ၂၁ ရက်နေ့မှာ ခင်ပွန်းသည် လူထု ဦးလှ၊ သား ညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့ အတူ ထိန်းသိမ်း ခံရသည်။ အထိမ်းသိမ်း ခံရသည်မှာ ၁ နှစ်၊ ၁ လ၊ ၁ ရက် ကြာမြင့် ခဲ့ပြီး၊ ၁၉၇၉ ခု သြဂုတ်လ ၂၂ ရက်နေ့ မှာမှ ပြန်လည် လွတ်မြောက် ခဲ့သည်။ ၁၉၈၂ သြဂုတ်လ ၇ ရက်နေ့၌ ခင်ပွန်းသည် လူထု ဦးလှ ကွယ်လွန် ခဲ့သည်။ ၁၉၈၄ မတ် ၄ မှာ လောင်ကျွမ်းတဲ့ မန္တလေး မီးကြီးမှာ ကြီးပွားရေး စာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူ သိုလှောင်ရုံ တွေ မီးလောင် ဆုံးရှုံး ခဲ့သည်။ ၁၉၈၅ နိုဝင်ဘာ ၂၉၊ အသက် (၇ဝ) ပြည့် မွေးနေ့က စပြီး အမရပူရ တောင်လေးလုံး ကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ် ကျင်းပသည်။လူထု ဒေါ်အမာ (၉၂)နှစ်သည် ၂၀၀၈ ခု ဧပြီ ၇ ရက် မနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေး ဆေးရုံကြီး နှလုံးရောဂါ ဆောင်၌ ကွယ်လွန် သွားခဲ့သည်။

ရိုဟင်ဂျာ ကိစ္စ-ရခိုင် ချေပချက်

06/04/2009

သျှမ်းသံတော်ဆင့် မှ ဖေဖေါ်ဝါရီလ တွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာ အမည်ခံသူများ အကြောင်း နှင့် ပတ်သက်၍ ထိုင်းသတင်းစာများ မှ ကူးယူ ဖေါ်ပြသည် ဟူသော ဆောင်းပါး၌ “ရိုဟင်ဂျာ ဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစု လောက်က ရခိုင်ပြည် မြောက်ပိုင်း တဝိုက်စီးပွား ကုန်သွယ် အလုပ် နဲ့ ရွှေ့ပြောင်း အခြေချ လာတဲ့ အာရပ် လူမျိုးစု ကနေ တဆင့် မူဆလင် ဖြစ်လာကြတာ”ဟု ရေးသား ဖေါ်ပြထား သည်ကို တွေ့ရှိရ၍ အံ့သြသင့် ရပါသည်။ ဤဆောင်းပါး ကို ဖေါ်ပြသော ထိုင်း သတင်းစာ များသည် ရိုဟင်ဂျာ ဆိုသူများ ထံမှ ရရှိ သော အချက်အလက် ဖြစ်ဟန်တူသည်။အမှန်မှာ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင် လက်ထက် ရခိုင် ဘုရင့် နိုင်ငံတော် ကို ဗမာ ဘုရင် သိမ်းပိုက် သဖြင့် ရခိုင် ဘုရင် မင်းစောမွန် သည် ဘင်္ဂလား ဒေသရှိ ဂေါလ်ဒေသ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂေါလ် က ကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင် ၏ အကူအညီ ဖြင့် ရခိုင် ထီးနန်း ကို အရ ယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ် ကို စတင် တည်ထောင် ခဲ့ပါသည်။ မြောက်ဦးခေတ် တွင် ရခိုင့် တပ်မတော်၌ အာရပ် မှစစ်သည် တော်များ၊ ဥရောပ မှ ပေါ်တူဂီများ နှင့် ဂျပန် တို့ပါအမှုတော် ထမ်းခဲ့သည်ကို တွေ့ရှိရ သည်။ ယင်းအာရပ် မှစစ်သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်း နှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်း တို့ကို ရခိုင် တို့က ကမန် ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည် ၌ တိုင်းရင်းသား မျိုးနွယ်စု အဖြစ် အသိ အမှတ်ပြုထား ပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန် တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုး ကို လုံးဝ ပြုလုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့် ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင် တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင် လာခဲ့ကြသော လူမျိုး တမျိုး ဖြစ်သော ကြောင့် ရခိုင်ပြည် ၌ ဤကဲ့သို့ မူဆလင် ဘာသာ ကိုးကွယ်သော ရခိုင် တိုင်းရင်းသား ကမန် လူမျိုး ရှိသည်ကိုပင် သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိ ကို မိမိ ရိုဟင်ဂျာ ဟု ကြွေးကြော် နေသူများ မှာ ၁၈၂၅-နောက်ပိုင်း ရခိုင် ကို အင်္ဂလိပ် တို့ သိမ်းပိုက် ပြီးမှ ဝင်ရောက် လာသော မူဆလင် ဘာသာ ကိုးကွယ်သည့် စစ်တကောင်း တောင်းတန်း နေ ဘင်္ဂလီ များသာ ဖြစ်သည်။
၁၈၂၅-တွင် ရခိုင်ပြည် ၌ မူဆလင် ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှ အစိုးရ က မူဆလင် ဦးရေ တိုးလာမှု ကိစ္စ ကို စိုးရိမ် လာသောကြောင့် အခြေအနေ စုံစမ်းရန် ၁၉၃၉ ၌ စုံစမ်းရေး ကော်မရှင် တစ်ခု ဖွဲ့စည်း ပေးခဲ့သည်။ ကော်မရှင် က မူဆလင် ဦးရေ အတားအဆီး မရှိ တိုးဝင် လာမှုကို မဟန့်တား ပါက နောင်အခါ ၌ လူမျိုးရေး ပဋိပက္ခ များ ဖြစ်နိုင်ကြောင်း အစီရင် ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာ စစ်ကြောင့် မည်သို့မျှ မလုပ် နိုင်ခဲ့ပေ။ အစီရင် ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်ခဲ့ လေသည်။ မောင်တော မြို့နယ် ရှိ ရခိုင် ရွာအား လုံး ဖျက်ဆီး ခံရသည်။ ရခိုင် တချို့မှာ ပြည်တွင်း သို့ဝင်ပြီး၊ တချို့ မှာ အင်္ဂလိပ် ပိုင်နက် ဒိန်နာဂ်ျပူ သို့ထွက်ပြေး ခဲ့ကြရ သည်။
၁၉၄၂-ဂျပန် များ ဝင်လာသော အခါ ရခိုင် များကို သတ်ဖြတ် ခဲ့သော ကုလား အဖွဲ့သည် ဘာသာရေး အသွင် ပြောင်းကာ ဂျမေယာတူ အိုလမာ အသင်း ဖွဲ့စည်း ကြသည်။ အဖွဲ့ ဥက္ကဌ မှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော် များ အဖွဲ့သည် အနောက် ပါကိစ္စတန် မှ အော်လနာမူဟာမတ် မူဇဟတ်ခန် နှင့် မော်နာအီဗြာဟိန်း တို့ကို ခေါ်၍ မူဂျာဟိန်း အဖွဲ့ ဖွဲ့စည်း ကြသည်။ ပါကိစ္စတန် နယ်သို့ ရခိုင်ပြည် ထည့်သွင်း ရေး အစီစဉ် ပင်ဖြစ်သည်။ စစ်ရေး အရ မြန်မာ စစ်တပ် နှင့် မယှဉ် ပြိုင်နိုင်သော မူဂျာဟိန်း တို့သည် အခြား တိုင်းရင်းသား များနည်းတူ အခွင့်အရေး ရလို၍ မစ္စတာ ဂေါ်ဖားက ရိုဟင်ဂျာ ဟူသော လူမျိုးသစ် တစ်ခုကို ၁၉၅၀- စက်တင်ဘာလ ထုတ် ဂါဒီးယန်း သတင်းစာ တွင် အသက် သွင်းခဲ့သည်။
သို့သော် ၁၉၅၁- ဇွန်လ တွင် ကျင်းပ ခဲ့သော အလယ် သံကျော် မူဆလင် ညီလာခံ ကမူ ရိုဟင်ဂျာ မဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင် မူဆလင် လူမျိုး ဟု ခေါ်ဝေါ်ရန် ဆုံးဖြတ် ခဲ့ကြသည်။ ရခိုင် တို့က ငါတို့ ရခိုင် တွင် မူဆလင် ဘာသာဝင် မရှိ ဟု ပြောလာကြသော အခါ ရိုဟင်ဂျာ ဘက်သို့ ဖေါက်ထွက် ရန် ထွက်ပေါက် ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင် တွင် ရိုဟင်ဂျာ သတင်းစာ၊ ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသား အသင်း ထိ လှုပ်ရှား လာခဲ့ကြသည်။
၁၃၊ ၅၊ ၈၈ - နေ့က မောင်တော မြို့နယ် တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ကုလား လှုပ်ရှားမှု တစ်ခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀၀၀၀-ခန့် သည် မောင်တော မြို့ကို အရပ် ရှစ်မျက်နှာ မှ ဝိုင်းပြီး ဟစ်အော် ကြွေးကြော် မီးရှို့သတ်ဖြတ် ရန် ချီတက် လာခဲ့ကြသည်။ လှုပ်ရှားမှု မှာ ညနေ ရှစ်နာရီခွဲ မှ နောက်တနေ့ နံနက် ၃-နာရီခွဲ အထိ ကြာခဲ့သည်။ သူတို့ ဘာသာ စကား ဖြင့် ဘုရားသခင် အလိုကျ တိုက်ပွဲ ဝင်ကြ၊ မင်းတို့ တိုင်းပြည် ငါတို့ တိုင်းပြည် ဖြစ်ရမည် ဟူ၍ ဟစ်အော် ကြ သည်။
၁၉၄၂ မတိုင်မှီ က မောင်တော မြို့နယ် အတွင်း တည်ရှိ ခဲ့သော ရခိုင် ရွာပေါင်း ၁၉၅-ရွာ မှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါ တော့သည်။ ကျန်ရွာ များအား မူဆလင် များက လူဦးရေ အသာစီး ရမှုဖြင့် သိမ်းပိုက် ခဲ့ကြ ပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများ ပေါ်ပေါက် လာပုံ သမိုင်း အကျဉ်း ဖြစ်သည်။ လက်ရှိ အဖြစ်အပျက် များနှင့် တိုက်ဆိုင် ၍ အောက်ပါ ဆောင်းပါး ဖြင့် ချေပ တင်ပြ လိုက်ရ ပါသည်။
လိမ်လည်ခြင်း နှင့် ဟန်ဆောင်ခြင်း နောက်ကွယ်မှ ရိုဟိန်ဂျာ ဟူသော အသံ သည် ၁၉၈၈ လူထု အုံ-ကြွမှု နှင့် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း အော်ကြီး ဟစ်ကျယ် ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာ အမည်ခံ” ဘင်္ဂလီ မူဆလင် များ၏ စတန့်ထွင် လုပ်ဇာတ် ခင်းမှုများ လည်း Media များမှ တဆင့် ပလူပျံ ထွက်ပေါ် လာပါသည်၊၊ မိမိ တို့၏ သမိုင်းမှန်၊ ဖြစ်ရပ်မှန်များ ကို ဖုန်းကွယ် ၍ သမိုင်း လိမ်၊ ဖြစ်ရပ် လိမ်များ အစားထိုး တင်ပြကာ “ရိုဟိန်ဂျာ” အမည် ကိုသုံး၍ လူမျိုးသစ် ဖန်တီးရေး နှင့် နိုင်ငံသစ် ထူထောင်ရေး လုပ်ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင် လာကြပါသည်၊၊
မှတ်မိ သလောက်၊ ၁၉၉၀ ရွေးကောက်ပွဲ တွင် ရိုဟိန်ဂျာ အမည် သုံး၍ ရွေးကောက်ပွဲ ဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာ အမည် အသုံး မပြုခဲ့ကြပေ၊၊ ၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေး ခိုင်းပြီး ယင်း ဘင်္ဂလားဒေ့(ခ်ျ) ရှိ ဆင်းရဲသား များ၊ အခြေမဲ့ အနေမဲ့ များနှင့် ပူးပေါင်းကာ ဗမာ စစ်အစိုးရ နှိပ်စက် ညှင်းပမ်းမှု ကြောင့် လူ (၂၀၀၀၀၀) ကျော် ထွက်ပြေး ရကြောင်း စာရင်း ပြကာ ရိုဟိန်ဂျာ အမည် ကိုကမ္ဘာ ကျော် အောင် နည်းမျိုးစုံ လုပ်ကြံ ဖန်တီး လာကြ ပါသည်။ ၁၉၉၀ တွင် မြန်မာ နိုင်ငံသား အဖြစ် အသိအမှတ် ပြုခံ ထားရသော မူဆလင် များအား ရွေးကောက်ပွဲ ဝင်ခွင့် ပြုခဲ့သည် ကို ရိုဟိန်ဂျာ အမည်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ရ သလိုလို လိမ်လည် လှည့်ဖြား လာကြ ပါသည်။ ဘာသာရေး အစွန်းရောက် တချို့ ၏ ဤကဲ့သို့ လုပ်ကြံ ဖန်တီးမှု များ အစ ပိုင်းတွင် အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်း တွင် တိမ်ကော လာပြီဖြစ်သည်။
အင်္ဂလိပ် အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများ အဖြစ် ရခိုင်ပြည် သို့ လာရောက် လုပ်ကိုင် လာခါစ၌ စီးပွားရေး နှင့် ဘဝ ရပ်တည်ရေး ရည်မှန်းချက် သာရှိကြ သဖြင့် ဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင် များက လူသားချင်း စာနာ၍ အမှတ် မထင် လက်ခံ ထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလား ဒေသ မှ ရခိုင် ပြည်ဘက်သို့ ယင်းဘင်္ဂလီ မူဆလင် များ မတရား လိမ့်ဝင် လာမှု ကြောင့် အင်္ဂလိပ် အစိုးရ ကိုယ်တိုင် စိုးရိမ်၍ လူဦးရေ စာရင်း စစ်တမ်းများ လုပ်လာခဲ့ ရသည်၊၊ ရခိုင် မြေ၌ လူဦးရေ အလုံးအရင်း ဖြင့် အခြေချ နေထိုင်ခွင့် ရှိပြီး နောက် ဘာသာရေး အစွန်းရောက် များနှင့် နယ်မြေ ချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင် များ နိုင်ငံရေး ဘက်သို့ ဦးတည် လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံ တိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည် လှည့်ဖြား တင်ပြ လာကြပါသည်။ စစ်တကောင်း ဒေသမှ ယင်းဘင်္ဂလီ မူဆလင် များ သည် ယနေ့ ထက်ထိ လည်း ရခိုင်ပြည် ထဲ နည်းမျိုးစုံ ခိုးဝင် နေကြရုံသာ မက မြန်မာ အာဏာပိုင်များအား လာဘ်ထိုး၍ ရခိုင်ပြည် ၏ စီးပွားရေး ချုပ်ကိုင်ဖို့ ကြိုးစား နေကြသည်ကို တွေ့ရှိ ရပါသည်။
အစပိုင်းတွင် မြန်မာ နိုင်ငံ ရှိ အခြား တိုင်းရင်းသား များက ရိုဟိန်ဂျာ အမည် နှင့် သူတို့ နိုင်ငံရေး အရ တိုက်ပွဲ ဝင် မှုကို လက်ခံရန် ရခိုင် တို့အား ဖိအား ပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များ မှလည်း လူ့အခွင့်အရေး ရှုထောင့် မှနေ၍ ရိုဟိန်ဂျာ ဆိုသူများ အား အသိ အမှတ် ပြုမှုများ ရှိလာသည် သာမက ရခိုင် တို့အားလည်း ရိုဟိန်ဂျာ အမည် နှင့် နိုင်ငံရေး အရ တိုက်ပွဲဝင် မှုများကို အသိအမှတ် ပြုကာ ရိုဟိန်ဂျာ ဆိုသူများနှင့် လက်တွဲ တိုက်ပွဲဝင် ရန် နည်းမျိုးစုံ ဖိအား ပေးမှုများ လုပ်လာ ခဲ့ပါသည်၊၊ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်းသား များက သူတို့၏ လိမ်လည်ခြင်း နှင့် ဟန်ဆောင်မှု များ ကို သိလာရသော အခါ ရိုဟိန်ဂျာ အမည် နှင့်တကွ သူတို့ ၏ နိုင်ငံရေး အရ ရပ်တည် တိုက်ပွဲဝင် မှုများ ကိုပါ လုံးဝ အသိ အမှတ် မပြု ဖြစ်လာကြသည်၊၊
ယင်း ရိုဟိန်ဂျာ အမည်ခံ များသည် ရခိုင်ပြည် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ရခိုင် ပြည်မှ ထိုင်း နိုင်ငံနှင့် မလေးရှား နိုင်ငံသို့ လှေစီး ဒုက္ခသည် ပုံစံ မျိုးဖြင့် အလုံးအရင်း ဖြင့် ဝင်ရောက်ခြင်း များ ပြုလုပ် လျက် ယင်း နိုင်ငံများ ၌လည်း လူမှုရေး နှင့် ဘဝ ရပ်တည်ရေး အပါအဝင် နိုင်ငံရေး အရ ကြွေးကြော် တိုက်ပွဲဝင် မှုများ ပြုလုပ် လာကြ ပါသည်။ ယင်း ရိုဟိန်ဂျာ အမည်ခံ များသည် ယခုအခါ တွင် မလေးရှား နိုင်ငံ ၌ သောင်း နှင့် ချီရောက်ရှိ နေပြီဖြစ်ပြီး၊ ထိုင်း နိုင်ငံ ၌လည်း စနစ်တကျ ဝင်ရောက် ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်း အစိုးရ က ယင်း ရိုဟိန်ဂျာ အမည်ခံ များ ထိုးဖေါက် ဝင်ရောက် မှုကို စနစ်တကျ တားဆီး မှုပြုလုပ်လာသော အခါ ယင်းရိုဟိန်ဂျာ အရေး သည် ဒေသခံ နိုင်ငံများ အား ရိုက်ခတ် လာသဖြင့် ဒေသခံ နိုင်ငံများ သတိထား ဆောင်ရွက် လာကသည် ကို တွေ့ရှိရသည်။ အာစီယံ ထိပ်သီး အစည်းဝေး ၌ပင် ယင်းရိုဟိန်ဂျာ ပြဿနာ သည် နံပါတ်(၁) နေရာ ရယူထား ပြီး ဖြစ်သည်၊၊
ထိုင်း နိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာ ဆိုသူများအား ဒုက္ခသည် စခန်းများ ဖွင့်ခွင့် လက်မခံ သနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်း ရိုဟိန်ဂျာ အမည်ကို သုံး၍ နိုင်ငံရေး အရ တိုက်ပွဲဝင် နေသူများ သည် Al-Quada အဖွဲ့ နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်း နိုင်ငံ အကြမ်းဘက် လှုပ်ရှား နေသူများ နှင့် ပေါင်းမိပြီး ထိုင်း နိုင်ငံ၏ လုံခြုံရေး ကိုပါ ခြိမ်းခြောက် လာမည်ကို စိုးရိမ်၍ ဖြစ်သည်၊၊
နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ က ရိုဟိန်ဂျာ အမည်ခံ များအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့် မှနေ၍ ယင်း တို့၏ နိုင်ငံရေး အရ တိုက်ပွဲဝင် မှုများ အသိ အမှတ် ပြုရန် ရခိုင် တို့အား ဖိအား ပေးနေကြသည် ကို တွေ့ရှိ ရသည်၊၊ သို့သော် ယင်းဘင်္ဂလီ မူဆလင် များ အလုံးအရင်း နှင့် ဝင်ရောက်ပြီး နောက်ပိုင်း ဘာသာရေး အဓိကရုဏ်း များ ဖြစ်ပွါးပြီးနောက် မိမိ တို့၏ ပိုင်ဆိုင်မှု နယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေး လာကြရသော ဒေသခံ ရခိုင်များ ၏ ရှေ့အနာဂတ် အရေးကို တွေးပူ သည်ကိုကား မတွေ့ ရှိရသေးပေ၊၊ ယင်း အဓိကရုဏ်း ကာလ၌ မူဆလင် များ၏ သတ်ဖြတ်မှု ကြောင့် အသက် ဆုံးရှုံး ခဲ့ရသော ရခိုင် ပြည်သူများ၊ ဗုဒ္ဓဘာသာ ရဟန်းတော် များ၊ မူဆလင် များ၏ မီးတိုက် ဖျက်ဆီး မှုကြောင့် ပြာကျ ခဲ့ရသော ရခိုင် ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များ၊ ဘာသာရေး အစွန်း ရောက် ယင်းမူဆလင် များ၏ မုဒိမ်းကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရသော ရခိုင် သူမ များနှင့် မိမိ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်း အထိတ် တလန့် ဖြစ်နေ ရသော ရခိုင်သူ၊ ရခိုင်သား များ၏ အနာဂတ် အရေး ကို တွေးပူ စဉ်းစား မိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့ အစည်း များကို မတွေ့ ဖူးသေးပေ၊၊
ဗမာ စစ်အစိုးရ ၏ နှိပ်စက်မှုကို ခံနေ ရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာဝင် သက်သက် မှ မဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓ ဘာသာဝင် များအပါ အဝင် မြန်မာ တစ်နိုင်ငံ လုံးရှိ ပြည်သူများ သည်လည်း နည်းမျိုးစုံ ဖိနှိပ် ညှင်းဆဲ ခံနေ ရသည်ကို သတိ တရား လက်ကိုင် ထားဖို့ လိုအပ်သည်။ အကယ်၍ အိမ်နီးချင်း နိုင်ငံများ၊ NGO များ ကုလသမဂ္ဂ အဖွဲ့ အစည်း များက ချင့်ချိန် မစဉ်းစား ဘဲ ရိုဟိန်ဂျာ ဆိုသူများ ၏ အရေး ကိုစောင်းပေးပြီး ရိုဟိန်ဂျာ အမည် နှင့် ယင်း တို့၏ နိုင်ငံရေး အရ ရပ် တည် တိုက်ပွဲဝင် မှုကို လက်ခံ ခဲ့ လျှင် မကြာ သော တနေ့ ၌ မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင် ဒေသ အားလုံး ယင်း ရိုဟိန်ဂျာ အမည်ခံ သူများ လက်ထဲသို့ ကျရောက် သွားပြီး၊ ဒေသခံ ရခိုင် ပြည်သူများ အသတ် ခံရမှု၊ ရပ်ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေး ရမှုနှင့် ရင်ဆိုင် ရမည်။ ယင်း အရေး သည် ရခိုင်ပြည် တခုလုံး၊ ဗမာပြည် တစ်ခုလုံး နှင့် အိမ်နီးချင်း နိုင်ငံ များ၏ လုံခြုံရေး ကိုပါ ခြိမ်းခြောက် လာပြီး ယင်း နိုင်ငံ ၌ နေထိုင် နေကြသော ဒေသခံ ပြည်သူများ လည်း ရခိုင်သား များ ကဲ့သို့ ဘေးဆိုး ကြီးများ နှင့် ရင်ဆိုင် ရမည် ဖြစ်ပါကြောင်း။
ရိုဟင်ဂျာ ကိစ္စ-ရခိုင် ချေပချက်(သျှမ်းသံတော်ဆင့်)

ငွေမပို့ နိုင်တာက

02/04/2009

မလေးရှားမှာ အလုပ် လာလုပ်တာ သုံးနှစ် ကျော်ပါပြီ။ မလေးရှား ကို မလာခင် မောင်ရီ မလေးရှား လာဖို့အတွက် တအိမ်လုံးက ရှိစု မဲ့စု တွေရောင်း ငွေတိုးနဲ့အိမ်ကိုပေါင် စသဖြင့် လုပ်ခဲ့ ရသည်။ ပွဲစားခတွေ ကလည်း အများသား။ ရန်ကုန်မှာ ကတည်းက ပတ်စ်ပို့ ရဖို့ ဟိုထောက်ခံစာ သည်ထောက်ခံစာ ရဖို့ အလုပ်ဗီဇာ ရဖို့ အစ ရှိတာတွေ အတွက် ကုန်ခဲ့ ရတာတွေကလည်း မနည်း။ ထားပါ တော့။ နောက်ဆုံး တော့ ကွာလာလမ်ပူမြို့ ကြီးကို ဆိုက်ရောက် တယ်ပေါ့။
ရောက်ရောက်ခြင်းဘဲ ကွာလာလမ်ပူမြို့အစွန်က စက်ရုံတစ်ခုမှာ အလုပ်ကတော့ ရသည်။ ဒါပေမဲ့ မြန်မာပြည် မှာတုံးက ထင် ထားသလို ပွဲစား ပြောသလို ဝင်ငွေ ကောင်းလွန်းတာမျိုး မဟုတ်။ စနေ၊ တနင်္ဂနွေပါ မနားဘဲ အလုပ် ချိန်အပို အပါအဝင် တစ်လ လုံး ကုန်းရုန်း လုပ်ပါမှ မလေးငွေ ရင်းဂစ် ခုနှစ်ရာ ခန့်လောက်သာ ဝင်သည့် စက်ရုံ လုပ်သား ဘဝ ဖြစ်သည်။ မြန်မာ ကျပ်ငွေနဲ့ ပြန်တွက်ရင်တော့ လည်း နှစ်သိန်း စွန်းစွန်းလောက် ဝင်သည် ဆိုတော့ နှိုင်းစာ ကြည့်ရင် မြန်မာပြည်မှာ တစ်လတစ်လ ရင်မော အောင် လုပ်ရ တာထက်တော့ သာတယ်ပဲ ဆိုနိုင် သေးသည်။
"မောင်ရီ တကုတ်ကုတ် နဲ့ စာတွေ ရေးနေလိုက်တာ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ရည်းစား အတွက်လား" ဟု အခန်းဖော် တဦး ဖြစ်သူ ကိုစံလုံးက အခန်းထဲ ဝင်လာလာခြင်း နောက်လိုက်သည်။ "ရည်းစား လည်း မူးလို့တောင် ရှုစရာ မရှိ ပါဘူး ကိုစံလုံးကြီးရာ။ အိမ်ကို သာကြောင်းမာကြောင်း ရေးနေတာပါ။" အလုပ်ရှင်သူဌေးက ပေးထားသော အခန်းတွင် သူတို့လို မြန်မာ လုပ်သား ငါးဦး ခန့် စုနေကြသည်။ စု၍ အလှည့်ကြ ချက်ပြုတ် စားကြသည်။ ကြာတော့ တစ်ဦးနဲ့တစ်ဦး တစ်ယောက် အကြောင်း တစ်ယောက် အတွင်းသိ အစင်းသိ ညီအစ်ကိုများလို ဖြစ်လာခဲ့ကြသည်။ သူတို့ အားလုံးမှာ တူတာ တစ်ချက်ရှိသည်။ အဲတာကတော့ မလေးမှာ အလုပ် ရသည်ဟု ဆိုပေမဲ့ မလေး မလာခင် တင်ရှိခဲ့တဲ့ ဟိုမှာကျန်ခဲ့တဲ့ အကြွေး များကို ပြန်ဆပ်ဖို့ လခ ထုတ်တိုင်း မှန်မှန် ငွေပြန် လွှဲ ရခြင်း ပင်ဖြစ်သည်။ အဲတာကြောင့် ရံဖန်ရံခါ ဘီယာ လေးဘာလေး သောက်ချင် တာတောင် ဘရိတ်အုပ် ထားကြရသည်။ နေနှင့် ဦး။ အကြွေး ကြေမှ ဘီယာ ကို ကပ်လိုက် ဝယ်သောက် လိုက်ဦးမယ် ဟု သူတို့ ကြွေးကြော်လေ့ ရှိသည်။
ကိုစံလုံးက "ဒါများ မောင်ရီရာ လမ်းထိပ် အင်တာနက် ဆိုင်ကနေ အီးမေး သွားပို့လိုက်ပေါ့။ လွယ်လွန်းလို့" ဟုထပ်၍ ကွန့် လိုက်သည်။ "ကျနော့် အမေက ရိုးရိုးအအ ဆိုတော့ အင်တာနက် တွေ အီးမေး တွေ မသိဘူးဗျ။ ကျနော်တို့ ရပ်ကွက်ထဲ မှာလည်း အင်တာနက် ဆိုင် မရှိဘူးလေ။ ကျနော့်ညီမ တွေတောင် အင်တာနက် သုံးချင်ရင် မြို့ထဲပိုင်းကို ထွက်ရတဲ့ ဥစ္စာ။ လမ်းစရိတ် က ကုန်သေးတယ်။ အမေက စိတ်ပူ တတ်လို့ တစ်လ စာလေး နှစ်စောင် လောက် ရေးရတာ အပန်းမကြီး ပါဘူးဗျာ။"
သူတို့ အလုပ်သမားအားလုံး ငွေကိုချွေတာ ကြသည်။ သူများ တိုင်းပြည်မှာ ရောက်နေတုန်း မိဘများ ကွယ်ရာမို့ လွတ်လပ် တယ်ဆိုပြီး နေချင်သလို နေ သုံးချင်သလို သုံး မလုပ်ကြ။ တစ်လတစ်ခါလောက် စု၍ သောက်ဖြစ် စားဖြစ် တာကလွဲလို့ တခြား အပို သုံးစွဲခြင်း မရှိ သလောက်ပင်။ ထမင်းဟင်း ချက်တာ ကိုလည်း စရိတ်သက်သာ စေရန် အားလုံး စု၍ ချက်စား ကြသည်။ မောင်ရီ ဆိုလျှင် ကွာလာလမ်ပူ မြို့ထဲကိုပင် သုံးလေး ခေါက်သာ သွားလည် ဖူးသည်။
မြန်မာပြည် မှာ ကျန်ခဲ့သည့် အကြွေး တွေ ကြေဖို့ သူတို့ အားလုံး တစ်နေ့တလံ ပုဂံ ဘယ်ပြေးမလဲ ဆိုသည့် ထုံးကို နှလုံးမူ၍ အလုပ်ပြီးရင်း အလုပ် ကိုသာ ဖိလုပ်နေကြသည်။ အရွယ် တွေကလည်း အရွယ်ကောင်း တွေ ဆိုတော့ သည်လို ပင်ပန်း တာ မျိုးကို မမှု။
ထိုအချိန်၌ အခန်းထဲ သို့ နောက်အခန်း ဖော်တစ်ဦး ဖြစ်သူ အောင်သန်း ဝင်လာ၍ "ကိုစံလုံးကြီး ခင်ဗျားက အကြွေး တွေ ကျေ သလောက် ဖြစ်နေပြီ ဆိုတော့ ရှေ့နှစ် မိန်းမ ပြန်ယူ တော့ မလို့ဆို။ မောင်ရီရေ စွံတော့မယ့် လူတွေကို ကြည့်ထားဟေ့။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော်၊ ရန်ကုန် မပြန်ခင် ကျနော်တို့ တစ်အုပ်လုံးကို ဘီယာ အဝ တိုက်ရမယ်" ဟု ပြောရင်း အရေး ဆိုလိုက် သေး သည်။ ထိုရော အခါ၌ ကိုစံလုံးက လေပူ တစ်ချက် မှုတ်ထုတ် လိုက်ရင်း ဤသို့ဆိုလေသည်။
"အောင်သန်းရာ ငါ့မှာ အကြွေးတွေ ကျေသလောက်မို့ စိတ်နည်းနည်း ချမ်းသာ နေတုံး အခုမင်းပြောမှဘဲ မေ့ထားတဲ့ အပူက ပြန်ပေါ် လာတယ်ကွ။ ဘာလဲ ဆိုတော့ မိန်းမ ယူပြီးရင်လည်း ရန်ကုန် မှာ ဘာလုပ် စားရမှန်း မသိ တော့ မိန်းမကို ထားခဲ့ပြီး ဒီ မလေး မှာဘဲ နောက်တစ်ခါ ကျွန်ခံ ဖို့ ပြန်လာ ရဦးမှာကို တွေးမိလို့ဟေ့။ အကြွေး ကြေပေမဲ့ သတ်သတ် စုထားတဲ့ ငွေဆိုတာမှ မရှိသေးတာ။ ဒီသံသရာ ကြီးက ဘယ်တော့မှ ဆုံးမလဲ မသိ ပါဘူးကွာ။ ငါ့ကိုကြည့် ဟေ့ကောင် တွေရေ။ မိန်းမ မယူချင်သေး နဲ့ ဦးဟ။" ကိုစံလုံး အပြော ကြောင့် မောင်ရီ အပါအဝင် အခန်းသား အားလုံး ဝိုင်းရယ်လိုက်ကြသည်။
သည်လိုနှင့် ၂ဝဝ၉ ခုနှစ် ထဲ ရောက်လာသည်။ ကမ္ဘာ့ စီးပွါးရေး အကြပ်အတည်း ကြီး လာနေပြီတဲ့။ နိုင်ငံခြားသား လုပ်သား များကို မလေးရှား တွင် စက်ရုံ ပိုင်ရှင် များက လျော့ချ တော့မည်ဆိုသည့် သတင်း က သူတို့ အုပ်စု ကိုလည်း အခြား သူများနည်းတူ ရင်ပူစေသည်။
အထူးသဖြင့် အကြွေးများ မကြေ သေးသည့် မောင်ရီ တို့လို လူများက ပို၍စိတ် သောက ရောက်ကြသည်။ ဟုတ်သည်လေ။ သူတို့ လစဉ်ပြန်ပို့သည့် ငွေက အကြွေးကြေဖို့ တစ်ခုတည်း သာမဟုတ် နေ့စဉ် စားရေး ဝတ်ရေး အတွက်လည်း သုံးစွဲရသည်။ နေထိုင် မကောင်း သည့် အခါလည်း ဆေးဖိုး ဖြစ်သွား ရသည် မဟုတ်လော။ မြန်မာပြည် တွင် စားသောက်ကုန် သာမက ဘာမဆို ကုန်ဈေးနှုန်း ကြီးမြင့် နေသည့် အတွက် အလုပ်သမား လျော့ချမည့် အထဲတွင် ကိုယ်ပါ သွားမှာကိုတော့ အားလုံးက စိုးရိမ်ကြ သည်။
လာမဲ့ဘေး ပြေးတွေ့ ဆိုပေမဲ့ အခုဟာက ဘေးကြီးက ကိုယ့်ကိုယ် ပြေးလာ တွေ့ခြင်း ဖြစ်နေသည်။ မောင်ရီတို့ ငါးယောက် အုပ်တွင် မောင်ရီ အပါအဝင် သုံးယောက် အလုပ်သမား လျော့ချသည့်အထဲ ပါသွားသည်။ အလုပ် လက်မဲ့ ဖြစ်သွား သော်လည်း မောင်ရီ တို့က အခြား စက်ရုံကြီး များနှင့် တခြားကြားပေါက် အလုပ်များ ရလိုရငြား ဆိုသော မျှော်လင့်ချက်ဖြင့် အလုပ် ရှာနေကြ သည်။ လက်ရှိအခန်းလေး ထဲတွင် အတူတူစု၍ ဆက်နေကြသည်။ မောင်ရီ ကတော့ သူ့အမေ ကို အလုပ်က လုံးလုံး ပြုတ်သည်ဟု အသိပေး ပါက ဟိုမှာ သောက ရောက်မှာစိုး၍ စာရေးကာ ဤသို့ပြောထားသည်။ အလုပ်က သည်ရက်များ အတွင်း ရှိသော်လည်း အဆင် သိပ်မပြေကြောင်း။ ထို့ကြောင့် လစဉ် ငွေမှန်မှန် ပို့ရန်အတွက် အခက် အခဲ ရှိနေကြောင်း။ ဝင်သည့် ငွေကလည်း နေရေး စားရေး အတွက် ပြန်သုံး နေရကြောင်း။ အခုသူတို့ ငါးယောက် စလုံး အစစ အရာရာ ချွေတာ နေရကြောင်း။ ထမင်း စားသည် ကိုပင် မနက် ည ဖြစ်သလို ကြက်ဥ နှင့် နှစ်ပါး သွားနေ ရကြောင်း အစ ရှိသဖြင့် နတ်သံနှော၍ စာရေး ပို့လိုက်သည်။
တနေ့။ "မောင်ရီ စာဖတ်ပြီး ဘာတွေမျက်နှာ မကောင်း ဖြစ်နေတာလဲဟ" ကိုစံလုံးကြီးက မေးလာသည်။ "မင်း အမေ များ နေမကောင်းလို့လား" ဟု အောင်သန်း ကလည်း ဝင်မေးသည်။ "အမေ့စာပါ။ နေလည်း ကောင်း ပါတယ်။ ဒါပေမဲ့ ဖတ်သာ ကြည့် ကြပါဗျာ။ ကျနော် လည်း ဘာမှ မပြောတတ်တော့ဘူး" ကိုစံလုံး လက်ထဲသို့ မောင်ရီ က စာကို ထိုးပေးလိုက်သည်။ ကိုစံလုံး နှင့် အောင်သန်း တို့ မောင်ရီ ၏ မိခင်ကြီး ပို့လိုက်သော စာကို ပြိုင်တူ ဖတ်လိုက်ကြရင်း ဟင်း ကနဲ သက်ပြင်း ရှည် ကြီးများ ကို ပြိုင်တူ မှုတ်ထုတ် ရင်း အပူ များကို မျှဝေ လက်ခံ လိုက်ကြရသည်။
မောင်ရီ့ အမေ က ငွေမှန်မှန် မပို့နိုင်သည့် အပေါ် သူ့သားကို အထင်လွဲ နေရှာသည်။ စာ ထဲတွင် စာ တစ်ကြောင်း က ဤသို့ ဆိုထား သောကြောင့် ဖြစ်သည်။ "ငါ့သား မင်းက နေ့တိုင်း မနက်ပြန်ညပြန် ကြက်ဥ တွေနဲ့ စားနေမှတော့ ဘယ်လိုလုပ် ငွေပို့နိုင်တော့ မှာလဲ။"
ဇော်မင်း (လူ့ဘောင်သစ်)
၂၄ ရက် မတ်လ ၂ဝဝ၉ ခုနှစ်

The 2009 TIME 100 Finalists (Aung San Suu Kyi)

အန်တီစု ကို TIME မဂ္ဂဇင်း 2009 ခုနှစ် ရဲ့ကမ္ဘာ့သြဇာ အကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ မှာ မဲပေးရအောင်