Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ပတ္တမြား ရွှေဂူ

18/07/2009

ပြစ်မရှိ ပြစ်ရှာ။
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်နဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

(မန်လည် ဆရာတော်-လေးဆစ်ကဗျာ)

ဘူးတောင်းနစ် စောင်ခြမ်းပေါ်

03/07/2009

သည်ခေတ်တွင် သည်ကာလ၊
ငွေစတဲ့ရှေ့ဆောင်၊
မွဲရင်ဖြင့်လူ့ဘောင်မှာ၊
ခွေးတောင်မှမလေး။
မျိုးဇာတိအနွယ်မှန်ပင်
ငွေဓနံရှိမှအေး။
ဘူးတောင်းနစ်စောင်ခြမ်းပေါ်
ပုံဆိုသော်မဝေး။
တစ်ဝမ်းဝင်တစ်မိမွေးသော်မှ
ပေးနိုင်မှချစ်ကြည်။
ဆွေမျိုးကိုမဆိုထားပါနှင့်
ငွေအားသာဖြစ်ပါတော့သည်။
ဗြဟ္မာစိုရ်လေးမီ
မတည်ကြည်ကုန်ကင်းလို့
ငွေအရင်းမင်းမူသည့်တာ
တင့်တယ်လှပါ။
လူရည်တတ်မျက်နှာငယ်
စက္ကဝါနှယ်ဝန်းသို့လေး။
(အချုပ်တန်းဆရာဖေ-တေးထပ်၊ ကုန်းဘောင်ခေတ်)

NO SMOKING

14/04/2009

ကဗျာချိုး ဆေးလိပ်ချိုး ဆရာမိုး

ဆေးလိပ် သောက်တာ မကျန်းမာ
ရွံလည်း ရွံစရာ
ငွေကုန် သံပြာ ချောင်းတွေဆိုး
သောက်ဟဲ့ သေခြင်းဆိုး
တင်မိုး … တင်မိုး …
(ကဗျာဆရာ တင်မိုး)
ဆရာ တင်မိုး က ဆေးလိပ် မပြတ် ခဲ့ပေမယ့် ကျွန်တော် ကတော့ ဆေးလိပ် မသောက် ဖြစ်တာ ဒီနေ့ ဆိုရင် ၁ နှစ် ပြည့်ပြီ။ လက်ရှိ အသက်ထက် တစ်ဝက် ကျော် နေ့စဉ် သောက်ခဲ့တယ်။ ဒီ တခါတော့ ဘဝ မှာ ကြီးမားတဲ့ အောင်ပွဲ လို ခံစားရတယ်။

အမေ နဲ့ သား (သို့) “သ”ဝဂ်ကထာ

07/04/2009

(အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)
အမေ ကျနော့်ကို မတားနဲ့
ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။
အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ တမလွန် ခရီးကို မသွားပါနဲ့ဦး
ကျနော်တို့ ဒီမိုကရက်တစ်နိုင်ငံတော်ဆီ သွားရဦးမယ် အမေ …။
အမေ ကျနော့်ကို မတားနဲ့
ကျနော် နေပြည်တော်ကို သိမ်းမှ ဖြစ်မယ်။
အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ … လူ့ဘဝကို မသိမ်းပါနဲ့ဦး
ကျနော်တို့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ
သွေးစွန်းနေတဲ့ ဒေါင်းအလံတွေ
သွေးစွန်းနေတဲ့ မျက်ရည်တွေ သိမ်းရဦးမယ် အမေ …။
အမေ ကျနော့်ကို မတားနဲ့
ကျနော် စစ်အာဏာရှင်မှန်သမျှ သတ်မှဖြစ်မယ်။
အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ ပရိဒေဝမီးတွေ မသတ်ပါနဲ့ဦး
ကျနော်တို့ အစိုးရအကြမ်းဖက်ဝါဒကို သတ်ရဦးမယ် အမေ
ကျနော်တို့
အစိုးရ အကြမ်းဖက်ဝါဒကို
သတ်ရဦးမယ် အမေ …။ ။
အမေ့သား-အောင်ဝေး
၂၃-၁၀-၂၀၀၇
(ခေတ္တ ပုန်းခိုကျင်း တနေရာ)

World Poem Day

21/03/2009

မတ်လ ၂၁ ရက်နေ့ ဟာ ကမ္ဘာကဗျာနေ့ (World Poem Day) ဖြစ်ပါတယ်။ အဲ့ဒီ နေ့ဟာ အီကွေတာ ပေါ်ကို နေရောင်ခြည် တည့်တည့် ကျတဲ့နေ့ ပါဘဲ။ ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီး (ယူနက်စကို) က ကမ္ဘာကဗျာနေ့ လို့ သတ်မှတ် ထားပြီး ကမ္ဘာပေါ်က လူမျိုးတိုင်း ရဲ့ကဗျာတွေ တိုးတက် ဖွံဖြိုးရေး ရည်ရွယ်ချက် နဲ့ နိုင်ငံတကာ မှာ ကဗျာနဲ့ ပတ်သက်တဲ့ အခန်းအနား တွေ ပွဲလန်းသဘင်တွေ ကျင်းပ ခဲ့သည်။

တရား နှင့် ဓား

25/02/2009

တရား နှင့် ဓား
အား နှစ် အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်။

(ဆရာ တင်မိုး)

၉၄ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့

13/02/2009

အောင်ဆန်းဇာနည်
ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။
၁၉၁၅ ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား၊
မိခင်ဒေါ်စု သား..။
၁၉၄၇ ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး..။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား၊
ငါတို့ မမေ့အား..။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား..။


ဗိုလ်အောင်ဆန်း.mp3 -

ဆရာ မင်းသုဝဏ် ရာပြည့် အမှတ်တရ

10/02/2009

(၁၉၀၉ ဖေဖဝါရီ ၁၀ ရက်-၂၀၀၄ သြဂုတ် ၁၅ ရက်)

သပြေသီးကောက်
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။

လယ်စောင့်တဲ
မိုးရေ တက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့် တဲနဲ့ ပဏာတင့်

ဥပုသ်စောင့်
ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်နံနက် ကျောင်းတက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့ရင်
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်
လိုက်မယ် လိုက်မယ်။

(မင်းသုဝဏ်)

မကြာခင်ပဲ ပြည့်ပါစေ

05/02/2009

ကြာတတ်တာတွေ၊
မကြာစေဘို့၊
ကြာတွေလှူကာ၊
ဆုတောင်းပါသည်၊
မကြာခင်ပဲ ပြည့်ပါစေ။ ...

(မောင်ပန်းမွှေး)

အချစ်ဦး

28/01/2009

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်လေးပဲ မြတ်နိုးမယ်…

မောင်စိန်ဝင်း (ပုတီးကုန်း)

စစ်နည်းဗျုဟာ

26/01/2009

စစ်နည်းဗျုဟာ ဘယ်လိုသာလည်း၊
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊
ပြည်သူ့စွမ်းအား မကိုးစားလျှင်၊
ဓါးသွားလည်းကြွေ
လှံလည်းခွေအံ့။
(လက်ဝဲသုန္ဒရ အမတ်ကြီး)

A Moment of Nothingness by Min Ko Naing

18/11/2008


A Moment of Nothingness
By Min Ko Naing - 88 Student Leader
Courtesy: All Burma Federation of Students

Being a dragon - evolving from having been a snake,
However there is no dragon crest to raise high.
Having imprinted configurations
On ones’ palms,
Yet there is no sign of luck to be proud of.

Everybody enters the race in the river
through their own preparation,
However, when one meets the waterfall unexpectedly,
Some ‘free-riders’ downstream scream in shock,
And some struggling upstream against the tide finally become helpless.

Numbers are increasing year after year,
However, there is no actual age to show people.

It could be still be called a life
Because we are still living and struggling,
However, there is no actual meaning to express.

Original Message-Poem

Whislt at Sittwe Prison
Smuggled out of jail by another political prisoner.
To show, where there is a will there is a way...
the TRUTH finds its way OUT
(www.jegsburma.blogspot.com မှ ကူးယူဖော်ပြပါသည်။)

Happy Birthday Min Ko Naing

18/10/2008

သေခြင်းဟာ သေမင်းအလုပ်
ကိုယ့်အလုပ် မဟုတ်ဘူး...
ရှင်တာကိုပါ ခေါင်းထဲကထုတ်
ကိုယ့်အလုပ်က...
ကိုယ်လုပ်စရာရှိတာ
လုပ်နေဖို့...။
(မင်းကိုနိုင်)
ဒီနေ့ အောက်တိုဘာ ၁၈ ရက် ဟာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင် ဟာ ၁၉၈၈ မှ ၂၀၀၈ အတွင်း သူ၏ မွေးနေ့တွေတိုင်းတွင် ၂၀၀၅ ခုနှစ် မှလွဲ၍ ၁၈ ကြိမ်လုံး အကျဉ်းထောင် တွင်းမှာသာ ဖြတ်သန်းခဲ့ရသည်။

ရခိုင် (တဘောင်)

10/10/2008

ဂငယ်လေးဆူ အုတ်သစ်ထူ
ထူသည့်အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့်ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ
ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်း
ခညောင်း မ လိမ့်မည်။

(ရခိုင်တဘောင်)

အယူတော် မင်္ဂလာ ဦးနိုး (တဘောင်)

09/10/2008

တပင်တိုင် ခဝါချပါလို့
ပွင့်လိုက်တဲ့ အသီးတွေ၊ တွန့်လို့သာကြွေ
အသီးကြွေရာသီပြောင်း
သာသနာမောင်း ရှေ့ကဆော်
ဒေါင်းတွေကအော်။
ဒေါင်းအော်ရင်မနေသာ၊ သူလာပါလိမ့်လေး
ရှေ့နေထွက်လျက်မှောင်ကြတယ်
သန်းခေါင်လကွယ်ထက်ဆိုး။
ခြသေ့င်္မင်းကတန်ခိုးကြွယ်
တိုးလို့သာပျက်လိမ့်ဦး
ဂူအောင်းတဲ့ခင်ကြီးပျော်တို့ရယ်
သမီးတော်လွှတ်လိုက်ပါဦး။
ဇာဏီကြက်မသူတွန်လျင်
ဇမ္ဗူတခွင်လင်းလို့မဆုံး။

ယောအတွင်းဝန် ဦးဖိုးလှိုင် (တဘောင်)

သာသနာတဝက်ခရီးမှာလ
မြန်မာတွေ ကနက်ထီးတွေနဲ့
ပျက်ဆီးဖို့အရေးကြုံ
ရွှေပေးလို့ သူမယုံ
ငွေပေးလို့ သူမယုံ
နယ်ကုန်အောင်အများ
တံတားတွေ တွင်တွင်ဆောက်ပါလို့
ဘုရားတွေ ရင်ပြင်မောက်ရင်ဖြင့်
တပါးပြည်ဝင်ကာ မနှေက်ရအောင်
ပြည်တော်ပြန်သူ့မယ်ထွေးကို
နန်းအပ်မှအေး။

ဒီပရင်္ဂ

06/10/2008


ပုံပြင်ထဲကမြို့လဲမဟုတ်
ဒဏ္ဍာရီထဲကမြို့လဲမဟုတ်
ရာဇဝင်ထဲက မြို့တစ်မြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းကရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။
ဒီမြို့ကိုကတူးလူမျိုးတွေတည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဖက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေဆိတ်ယောင်ဆောင်
ရေသောက်မဲ့ ဟန်မြည်သံပေးတာကိုအစွဲပြုလို့
ဒီမြို့နာမည်တွင်ခဲ့ရ။
အရှေ့မှာဧရာဝတီ
အနောက်မှာချင်းတွင်း
မနီးဝေးမှာမူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းခဲ့တယ်။
သာသနိကအဆောက်အအုံတွေပေါများ
ရဟန်းပညာရှိလူပညာရှိတွေထွန်းကား
တစ်ခြားမြို့တွေနဲ့စီးပွါးကူးသန်းသွားလာဖို့လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့၁၂မြို့ထဲကမြို့တစ်မြို့။
အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့စံနောင်တော်ကြီးဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာစစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရရဲခေါင်ဘွဲ့နဲ့ဒီမြို့ရဲ့မြို့ဝန်။
ဘုံခန်းပျို့ဆရာအရှင်အဂ္ဂသမာဓိ
စစ်သူကြီးမဟာဗန္ဓုလ
မုံတိုင်ပင်ဆရာအရှင်ဝံသ
အတုလဆရာတော်အရှင်ယသ
မြသိန်းတန်ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
လယ်တီဆရာတော်
ဒါဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာမင်းတုန်းမင်းကိုပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသားခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့မြို့ဝန်ဦးမှန်း
အောက်ပြည်ကိုထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေအတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ်ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက်သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ဒီဒေသ
ဆောင်းတွင်းအခါသမယမှာ
မိုးရွာဖို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင်အကြောင်းမရှိပေမယ့်
ရုတ်တရက်မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကိုဖြတ်သန်းရင်း
ဒီမြို့ကိုကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကိုခြောက်လှန့်နေလေရဲ့။

(ကြည်မောင်သန်း)ချယ်ရီမဂ္ဂဇင်း ၂၀၀၈ ဇွန်လ
ထိုကဗျာကြောင့် ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ ၂ ဦး အလုပ်ထုတ်ခံခဲ့ ရသည်။ အယ်ဒီတာ များမှာ တာဝန်ခံ အယ်ဒီတာ ဒေါ်သပြေနှင့် အမှုဆောင် အယ်ဒီတာ လင်းထိပ်သျှင် တို့ဖြစ်သည်။

မဲဇာတောင်ခြေ

04/10/2008

မဲဇာတောင်ခြေ၊စီးတွေတွေတည့်
မြစ်ရေဝန်းလည်၊မြိုင်တောဆီက
ရွှေပြည်ကိုသာ၊တရှာတော့မိ
မိုးရှိရှိလျှင်၊သီရိကျက်သရေ
တက်ဖြိုးဝေသား၊အောင်မြေကြော့ကြော့
ကုန်းမော့မော့နှင့်၊ဘိုးတော်ကောင်းမှု
တည်ထားပြုသည်၊ဇမ္ဗူ့ ဆီမီး
ခြောက်ရောင်ညီးမျှ၊ဂူကြီးသခင်
ရွှေလင်းပင်နှင့်၊ရွှေခြင်္သေ့မြွေ
စ၍ရေသော်၊ရွှေစေတီကြီး
အသီးသီးတည့်၊ပိတ်ဆီးခြယ်သန်း
လျှပ်ရောင်သန်းမျှ၊ရွှေနန်းရွှေဘုံ
အလုံးစုံကို၊အာရုံမျက်မြင်
ဖူးမြှော်ချင်၍၊သည်တွင်ရွှေမြို့ 
သည်သို့စေတီ၊သည်ဆီရွှေနန်း
ဖြောင့်တန်းတော့မည်၊စိတ်ကရည်သည်
ရွှေပြည်ဌာနဝေးသောကြောင့်။

သဲသာသောင်မြေ၊မြစ်ကမ်းခြေလည်း
အကြောတပြင်၊တို့အောင်ခွင်ဝယ်
ရေရှင်ပတ်ဝန်း၊ပျော်ဖွယ်ထွန်းလိမ့်
တကျွန်းလောက်ပင်၊ဝေးမည်ထင်ခဲ့
စီးသွင်ညိုရစ်၊မဲဇာမြစ်လည်း
ထစ်ထစ်ထွန်းဘိ၊ချုံအတိနှင့်
တောကြီးဆိတ်ညံ၊ဆီးကျံကျံဝယ်
ဓူဝံမပေါ်၊မမြော်ပါရ
တေကိုတလည်း၊ဘယ်ကရှေ့ နောက်
ဘယ်တောင်မြောက်ဟု၊တွေးထောက်မမှန်
ဖန်ဖန်အံ့သြ၊ကြံတိုင်းမောစွ
ဘယ်တောဘယ်မြိုင်၊မသိနိုင်ခဲ့
မခိုင်စိတ်ဝမ်း၊နေ့တိုင်းလွမ်းရှင့်
ကင်းစမ်းတောင်က၊လေဦးစ၍
နောက်မှလေရှည်၊အတည်တည်သည်
လေပြည်လာက အေးသောကြောင့်။

ပွဲခါညောင်ရေ၊သွန်းမြဲပေတည့်
ရိုသေသဒ္ဓါ၊ထုံးစဉ်လာဖြင့်
မဲဇာရပ်သူ၊တောင်းဆုယူသည်
ရွှေဂူတော်နှင့်၊ရှုတိုင်းတင့်သား
မိုးမြင့်သီခေါင်၊မဲဇာချောင်က
တစ်တောင်လုံးမှိုင်း၊စ၍ဆိုင်းသော်
တောင်တိုင်းယှက်၍၊ဝန်းကာဝှေ့သည်
တောင်ငွေ့ဝေဝေ၊အထွေထွေနှင့်
လေလည်းရောရော၊မိုးမပါပဲ
သံဝါဖြောက်ဖြောက်၊ဆီးနှင်းပေါက်လည်း
မိုးလောက်ပြင်းထန်၊သွန်းချပြန်သော်
ယုဂန်ထင်ရှား၊တောင်တော်ဖျားက
ရထားယဉ်သာ၊နေစင်္ကြာလည်း
ရောင်ဝန်မထွန်း၊ချမ်းရှာလွန်း၍
တည့်မွန်းချိန်နေ၊ရောက်လွယ်စေဟု
စေ့ရေလှည့်လည်၊တလျက်မည်သည်
နေခြည်ဖြာမှ နွေးသောကြောင့်။

လက်ဝဲသုန္ဒရ အမတ်ကြီး (မဲဇာတောင်ခြေ ရတု)

သခင်ကိုယ်တော်မှိုင်း

01/10/2008


ထီမထင် ဆရာမှိုင်း

သြော်…ဝေးခရီးကပေမယ့်
အရေးကြီးလျှင်ဖြင့်၊သွေးနီးရာပါစမြဲပေမို့
ဆရာလဲကွာ
ပထမ အရင်ကနဦးဆီက
မြန်မာတခွင်မှာ သမ္မတ ရှင်ဘုရင်မလူးခင်ပ
ထ ဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့
ထီ မထင်ကျောင်းတော်သားတွေရဲ့ 
အမည်စာရင်းမှာ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ ဆရာကို
စာရင်းတို့ကာထားလိုက်ကြပေတော့။

(သခင် ကိုယ်တော်မှိုင်း)
သခင်ကိုယ်တော်မှိုင်း အား ရွှေတောင်နယ် ဝါးလယ်ကျေးရွာ အဖ ဦးစံထွန်း အမိ ဒေါ်အုန်း တို့မှ ၁၈၇၆ မတ်လ ၂၃ ရက် ကြာသာပတေးနေ့ တွင်ဖွားမြင်၍ ငယ်မည်မှာ မောင်လွန်း ဖြစ်သည်။ ၁၉၂၀ ကျောင်းသားသပိတ် ပြီးနောက် ပေါ်ပေါက်လာသော အမျိုးသားကောလိပ် ကျောင်းတွင် ကျောင်းဆရာအဖြစ် ဝင်ရောက် ဆောင်ရွက် ပေးခဲ့သည်။ ၁၉၃၆ တွင် တို့ဗမာ အစည်းအရုံး၌ နာယက ဖြစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဖွဲ့၍ ပြည်တွင်းစစ် မဖြစ်ရန် ကြိုးပမ်းခဲ့သည်။ တော်လှန်ရေး ကောင်စီ အာဏာ ရလာပြီးနောက် အဖွဲ့ ဖျက်သိမ်းခံရကြောင်း သိရှိ၍ စိတ်ထိခိုက်ကာ မကျမ်းမာဖြစ်၍ ၁၉၆၄ ခုနှစ် ဇူလှိုင် ၂၂ ရက် တွင်သတိမရှိတော့ပဲ ၂၃ ရက် နံနက် ၁ နာရီ တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ် ရှိပြီဖြစ်သည်။

တို့တိုင်းပြည်

27/09/2008


ထလော့မြန်မာ၊အိုမြန်မာတို့
တို့ရွာတို့မြေ၊တို့ရွာမြေဝယ်
စေတီစပါး၊များလည်းများ၏
များပါလေလဲ၊တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ကာလကြာလျှင်
ယာစကာမျိုး၊တညှိးညှိးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်၊မစားလေရ
ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

(ဆရာဇော်ဂျီ)