Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

ပြည်သူတွေအရမ်းပျော်မှာ

15/09/2009

မြန်မာပြည်ရဲ့  မြို့ တော် ရန်ကုန်မြို့ မှ နေပြည်တော်မြို့ သစ် ဆီသို့ ပျံသန်းနေသော အထူးစစ်လေယာဉ် ပေါ်ဝယ် နအဖ စစ်ခေါင်းဆောင်များ ဖြစ်ကြသော ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ဝန်ကြီးချုပ်နှင့် အတွင်းရေးမှူးတို့ လိုက်ပါလာရာ ရုတ်တရက် ...
ဥက္ကဌ(ဗိုလ်ချုပ်မှူးကြီး)မှ-ခုနေ ဒေါ်လာတစ်ရာတန် တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့သူ တစ်ယောက်တော့ ပျော်မှာ..
ဒု-ဥက္ကဌမှ - ကျနော်ဆို ၅၀ -တန် နှစ်ရွက် ပစ်ချမယ်... ဒါဆို ကောက်တဲ့သူ နှစ်ယောက်တောင် ပျော် ကြမှာ...
ဝန်ကြီးချုပ်--- ကလည်း ကျနော်သာ ဆိုရင် ၂၀ -တန် ၅-ရွက် ပစ်ချမယ်. ကောက်ရတဲ့သူ ၅-ယောက် ပျော်အောင်လို့...
အတွင်းရေးမှူး ကလည်း မနေသာ - ကျနော်သာဆို ၁၀ တန် ၁၀-ရွက် ပစ်ချမယ်လေ.. ဒါမှ ၁၀-ယောက်တောင် ပျော် ကြမှာ...
နောက်ဆုံး လေယဉ်မှူးကြီး အလှည့် ရောက်လေရာ..ခုနေများ ဗိုလ်ချုပ်မှူးကြီးတို့ (၄) ယောက်သာ ခုန်ချလိုက်ရင် ပြည်သူ တွေ အရမ်းပျော်မှာ ဟူသတည်း။

ပေးပို့သူ --ရဲနိုင်ဝင်း(ရွှေကျွှန်း) ၄။၉။၀၉ (ဟစ်တိုင်မှ)

အားနာလို့ပါ

07/06/2009

မြန်မာနိုင်ငံ မှာတော့ ပြည်သူ့အောက်ခြေ လူတန်းစားတွေ ဟာကိုယ်စားဖို့ သောက်ဖို့ ရှာရတဲ့ အပြင် မီးကင်းကြေး။ ရပ်ကွက် လုံခြုံရေး ကြေး။ လမ်း လုံခြုံရေးကြေး ဘာညာကြေး စသည်များစွာ ပေးဆောင်ရန် အတွက်ပါ ရှာဖွေကြရပါတယ်။
ရုံးကိစ္စရှိလို့ ရုံးသွား ရရင်လည်း လက်ဘက်ရည်ဖိုး ပေးရ။ကလေးကျောင်း အပ်မယ်ဆိုရင်လဲ အပိုဆာဒါး ငွေပေးရ၊ဘာကိစ္စ မဆို အေးအေး ဆေးဆေးနဲ့ အမြန် ပြီးချင်ရင် အပေးအကမ်း ရှိမှ ကိစ္စချောပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေ ကလည်း မြန်မာနိုင်ငံဟာ လာဘ်ပေးလာဘ်ယူ အများဆုံး နိုင်ငံ။အဆင်းရဲဆုံး နိုင်ငံ။ အဖိနှိပ်ဆုံးနိုင်ငံ စသည်ဖြင့် အဆိုးတကာ စာရင်းထဲ ဝင်နေပါပြီ။
ဒီလိုဖြစ်နေချိန်မှာ စစ်အရာရှိကြီး တယောက်က နယ်ဆင်းပြီး လုပ်ငန်းခွင် စစ်ဆေးရင်း စည်းရုံးရေး ဆင်းလို့ စာရိတ္တ မြှင့်တင်ရေး တရား ဟောပါသတဲ့။
--မင်းတို့ ဝန်ထမ်းတွေ လာဘ်စားတယ်လို့ လူထု ကပြောကုန်ပြီ။
--နိုင်ငံပိုင် ပစ္စည်းတွေ ကိုလည်း လစ်ရင် လစ်သလို ခိုးဝှက် အလွဲသုံးစား လုပ်တယ်လို့ မကောင်း သတင်းတွေ ထွက်နေတယ်။
--အထက်ဖား အောက်ဖိ လုပ်တာကလည်း တရားလွန်နေပြီတဲ့။
ကိုင်း ဘာပြောချင်ကြသေးတုန်း။---
စည်းဝေးပွဲ ခန်းမကြီးတွင် အပ်ကျသံ မကြားရပဲ ငြိမ်လျှက်--စစ်အရာရှိကြီး က မတ်ရပ်ပြီး ခါးထောက်လျှက် ဖြင့်
--မင်းတို့ ဒီလိုနည်းနဲ့ ရှေ့ ဆက်နေရင် တိုင်းပြည် အရေး ရင်လေး စရာပဲ။ တွေးတောင် မတွေး ဝံ့တော့ဘူး။
--ဒီတော့ ရှင်းရှင်းပဲ ငါမေးမယ်။ မင်းတို့ အကျင့်ဆိုးတွေ မပြင်ကြတော့ဘူးလား။
--မင်းတို့ ထဲက ဒီလိုပဲ ရှေ ဆက် အကျင့်ဆိုး တွေနဲ့  သွားနေဦးမယ့်သူ ရှိရင် မတ်တပ် ရပ်စမ်းကွာ။
--ယောက်ျားပီပီ ထရပ်ကြစမ်းပါ။
တခန်းလုံး ငြိမ်သက်ပြီး တစ်ယောက်မှ မတ်တပ်မရပ်ဘဲ ၅ မိနစ်လောက်ငြိမ်နေပြီးမှ
--အော်--အော်--မင်းမဆိုးဘူး။ရှားရှားပါးပါး မင်း တစ်ယောက်ပဲ အပြစ် ဝန်ခံရဲတဲ့သူ ရှိတယ်။ ကိုင်း ဆိုစမ်းပါဦး-ဘယ်လို ရည်ရွယ်ချက်နဲ့ မတ်တပ် ရပ်ရတာ ပါလိမ့်။
--ဟို--ဟို--
--မကြောက်ပါနဲ့ ။ပြောမှာ ပြောစမ်းပါကွာ။
==ဗိုလ်ချုပ်ကြီး တစ်ယောက်ထဲ မတ်တပ် ရပ်နေရင် ဘယ်ကောင်းပါ့ မလဲ။ အဲဒါ တွေးမိပြီး အားနာ လို့ပါ။

စိန်တူ
(သူရိယ မှ)

Animation 2 Original

29/05/2009

နမူနာပေးခြင်း သည်းခံပါ

28/05/2009

အကြောင်း မလျော်သော အခါ အလောင်းတော်ပင် အိုးတော် လုပ်ရသည်။ ဖျာတော် ရက်ရသည်။ စားတော် ချက်ရသည်။ ဂုရုကွေး လို ဘာမဟုတ် ညာမဟုတ် စာရေးဆရာ က ဘာရှက်ရမည်နည်း။
“ငါ ဈေးရောင်းမယ် ဒကာဆိတ်”
ဟိုက် ရှာလပတ်ရည်။ အသက်သုံးထောင် ဂုရုကွေးကြီးက ဈေးရောင်မယ် ဆိုပါလား။ ရတဲ့စာမူခ ဖွတ်ကလိ ဒင်္ဂါးနှင့် ဆရာတပည့် နှစ် ယောက် ဘယ်လိုမှ အကွက် မလည် တော့ပေ။ ဒီထဲ အိမ်မှာ မွေးထားသော ခွေး လေးကောင် ၏ တာဝန်က ရှိသေးသည်။
“ဂုရုကြီး ဈေးရောင်းဖူးလို့လား”
“သိပ် ရောင်းဖူးတာပေါ့ကွာ၊ မင်း ငါ့ဆီမရောက်ခင် ဓနုဖြူ မှာနေစဉ်က ငါရောင်းခဲ့တာ။ အိမ်မှာက ဘဘရယ် အန်တီရယ် ငါရယ် သုံး ယောက်နေတယ်။”
“စာရေးတာနဲ့ မလောက်လို့ ဈေးထွက် ရောင်းရတာ”
“ဘယ်မှာ ရောင်းတာလဲ…ငါ့အဖေရဲ့ဇာတိ ဝါးခယ်မ မြို့နယ် လမ်းသမိုင်ကျုံပေါက် ရွာ မှာလွယ်အိတ်ကလေး တစ်လုံး လွယ်ပြီး ရောင်း တာ”
ရွာနီးချုပ်စပ် တွေကို ကုန်းကြောင်း တမျိုး လှေနှင့်တဖုံ ရောင်းတာ။ ဖိုးကျုတ် ဆိုတဲ့ ကျုံပေါက် ရွာသား ငါ့သူငယ်ချင်း က ချောင်းကြို ချောင်း ကြား လှေလှော်ပြီး လိုက်ပို့ ပေးတယ်။ ငါက လယ်သမား တဲစုတွေကို တက်ရောင်းတာ”
“ဘာတွေ ရောင်းတာလဲ”
“ဓနုဖြူ ဦးဘိုးချမ်းရဲ့ ရွှေရည်စိမ် ပစ္စည်း တွေပါ။ လက်ကောက် ဆွဲ ကြိုး၊ လက်စွပ်၊ နားဆွဲ၊ တကယ့် ရွှေအစစ်နဲ့ မခြားအောင် ရွှေရည်စိမ် ထားတဲ့ လက်ဝတ် လက်စားတွေပါ”
“ဂုရုကြီးက အခု ဘာရောင်းမှာလဲ”
“လျက်ဆား ရောင်းမှာကွ။ တောင်ဥက္ကလာ ဆယ်ရပ်ကွက် ဈေးထဲက ငါ့အသိ ပရ ဆေးဆိုင်က ပရ ဆေးပစ္စည်း တွေ အကြွေး ရတယ်။ အဲ ဒါတွေနဲ့ လျက်ဆား ဖော်ပြီး ရောင်းမှာ။ တောင်ဥက္ကလာ ရပ်ကွက်စုံ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ အဲဒီ မြို့တွေကိုလျက်ဆားပုံး လွယ်ပြီး လျှောက်ရောင်းမှာ”
“ဟိုက် ရှာလပတ်ရည်၊ စီးပွားရေး မျက်စိ တော်တော် ရှိတာပဲ လျက်ဆား နာမည်က…”
“ဖေဇော်ဂျီ လျက်ဆား”
“လာပြီလေ…ဖေဇော်ဂျီလျက်ဆား…လေမသက်လို့ အနေခက် နေသလား။ လေထိုးလို့ အနေဆိုး နေသလား…လေမစုန် လို့ငွေကုန် နေသ လား။ ဘာမှ မကြောက်နဲ့ သေမှာပဲ…(အဲလေ) ပျောက်ရမယ်…”
“ဖေဇော်ဂျီ လျက်ဆား လာပြီ…အထက်သိကြား က လက်ဖျား ခါရတဲ့ လျက်ဆား မဟာ။ ဗမာ လိုခေါ်တော့ လျက်ဆား၊ အင်္ဂလိပ်လို ခေါ် တော့ ရားဆက်၊ အဖိုး နည်းသလောက် ပုဆိုး ကွဲအောင် ပေါက်တဲ့ လျက်ဆား…ဇမ္ဗူခွင်တလျှေက်မှာ ဘူဒင် ပေါက်လိုက်ရင်…ဟိုး မအူပင် လောက်က ကြားနိုင်တဲ့ လျက်ဆား၊ တော်တော်လေးများ စားလိုက်ရင် မော်တော် လေးများ သွားသလို ဘွတ် ဘွတ် ဘွတ် ဘွတ် နဲ့”
ဂုရုကွေးသည် ဓနုဖြူတွင် တန်ဆောင်တိုင် ပြဇာတ် ကစဉ်က ဝတ်ခဲ့သော အပေါ်နီ အောက်နီ ဇော်ဂျီ ဝတ်စုံ ကို ဝတ်ထားသည်။ ဇော်ဂျီ ခေါင်းဆောင်းကို စွပ်ထားတော့ ရှေ့တလက်မ နောက်ပြောင် ခေါင်းတုံး ဆံတောက် ပျောက်နေသည်။ ပုံစံပြောင်း ထားတော့ ဟာကြူလီ ငပျော့လည်း မသိ။ ဆိုက်ကားမာစတာ စာကလေးလည်း မသိ။ ဝတ်ဆင် ပေးသော ဒကာဆိတ် တယောက်သာ သိသည်။
“ဖေဇော်ဂျီ လျက်ဆား လာပါဦးဗျို့”
တောင်ဥက္ကလာ ၅ ရပ်ကွက်မှ အိမ် တအိမ်က ထွက်ခေါ်သည်။ ဂုရုကွေးကို ချက်ချင်း မမှတ်မိ။ ဇော်ဂျီအတု၊ ဇော်ဂျီ အင်ကြီးကို တကယ့် အစစ် ထင်နေပုံရသည်။
“တထုပ် ဘယ်လောက်လဲ”
“မြန်မာကျပ်ငွေ ငါးဆယ်ပါ”
“နှစ်ထုပ် ပေးပါ ”
“ဒါ…ဒါ… ”
လျက်ဆား ဝယ်ရင်း ဂုရုကွေးကို တဖြည်းဖြည်း မှတ်မိပုံ ရလာသည်။
“ဒါ…ဒါ ကျမတို့ ရပ်ကွက်မှာ စာ လာဟောဖူးတဲ့ ဆရာကြီး ဂုရုကွေး မဟုတ်လား”
“ဟုတ်ပ ခင်ဗျာ… ဆရာကြီး ဂုရုကွေး ဆိုတာလည်း ဟုတ်ပါတယ်၊ မသာကြီး ဂုရုကွေး ဆိုလည်း မှန်ပါတယ်၊ သေရင် မသာ ဖြစ်ရမယ် မဟုတ်လား”
“ဘယ်…ဘယ်လိုဖြစ်ပြီး လျက်…လျက်ဆား ရောင်းနေ တာလဲ”
“ဒီလိုပေါ့ဗျာ၊ အကြောင်း မလျော်ရင် အလောင်းတော်တောင် အိုးတော် လုပ်ရတာပဲ။ ဖျာတော် ရက်ရတာပဲ၊ စားတော် ချက်ရတာပဲ၊ ကျုပ်လည်း စာရေးတဲ့ အလုပ် တခုတည်းနဲ့ မပြေလည်လို့ လျက်ဆား ထွက်ရောင်းတာ”
“ဒါဆို နှစ်ရာတန် ပြန်မအမ်း ပါနဲ့တော့၊ နောက်နှစ်ထုပ် ထပ်ပေးပါ”
“ကျေးဇူး တင်ပါတယ်ဗျာ၊ အမ်းစရာလည်း မရှိဘူး၊ အခုမှ ဈေးဦး ပေါက်တာပါ။ သွားမယ်ဗျို့…လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား အဖိုးနည်း သလောက် ပုဆိုးကွဲအောင် ပေါက်တဲ့ လျက်ဆား၊ ဇမ္ဗူခွင် တလျှောက်မှာ ဘူဒင် ပေါက်လိုက်ရင် ဟိုး…မအူပင် လောက်က ကြား နိုင်တဲ့လျက်ဆား၊ တော်တော်လေးများ စားလိုက်ရင် မော်တော်လေးများ သွားသလို ဘွတ် ဘွတ် ဘွတ် ဘွတ် နဲ့”
ဈေးသည်တို့မည်သည် ရောင်းစရှိလျှင် ရောင်းချင်ချင် စိတ်အား တက်ကြွလာသည်။ အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် စာပေဟောပြောပွဲ စင်မြင့်မှာ ဟောသလို အော်ကြီးဟစ်ကျယ် လုပ်လာရာ ၅ ရပ်ကွက်ရှိ အိမ် တော်တော် များများမှ ဝယ်ယူ အားပေးကြသည်။
“လျက်ဆား…လျက်ဆား…ချောင်းဆိုး ရင်ကျပ်၊ သာမက ကိုးဆယ့်ခြောက်ပါး အကုန် ပျောက်တဲ့ လျက်ဆား။ သွေးတိုး၊ နှလုံး၊ လေငန်း၊ ဆီးချို အကုန်ပျောက်တယ်။ ကင်ဆာ အမျိုးမျိုး အကုန် ပျောက်တယ်။ လျက်ဆား… လျက်ဆား ဖေဇော်ဂျီ လျက်ဆား ”
ပြင်လွန်းတော့ ဖင်ချွန်း ဆိုသလို ကြွားလွန်းတော့ အမှားစွန်း လာသည်။ အေအိုင်ဒီအက်စ် ပျောက်တယ် ဆို၍ အိမ် တအိမ်မှ ပိန်ညောင်ညောင် လူ တယောက်က ထွက်ခေါ်သည်။
“ဗျို့ အေ့စ် ပျောက်တယ် ဆိုတဲ့ လျက်ဆား လာပါဦးဗျို့”
ဖေဇော်ဂျီ ဂုရုကွေးသည် သူ့ပုံစံ အတိုင်း ရင်ကော့ ခေါင်းမော့၍ ဝင်သွားသည်။
“ဟိုက် ရှာလပတ်ရည်၊ အသက်သုံးထောင် ဂုရုကွေးကြီး ပါလား။ ကျုပ်က ဇော်ဂျီ ဝတ်စုံကြီးနဲ့ ဘယ်က ဇာတ်ရူး ကြီးလဲလို့ ကြည့်နေတာ။ ဂုရုကြီး လျက်ဆား က အေအိုင်ဒီအက်စ် တကယ် ပျောက်လို့လား” “ဒီလိုပေါ့ဗျာ ဈေးသည် ဆိုတာ ဈေးဝယ်သူ စိတ်ဝင်စားအောင် ကိုယ့်ကုန် ပစ္စည်းကိုယ် ကြံဖန်ရွှီးရ တာပဲ။ ချောင်းဆိုးတော့ ကောင်း သလား မမေးနဲ့၊ ကျုပ် ချောင်းဆိုး တုန်းက ကျုပ်လျက်ဆား ကျုပ်ပြန်လျက်တာ ချောင်းဆိုး မပျောက်တဲ့ အပြင် သလိပ်ကပ် ရင်ကျပ်ပြီး ချွဲတွေပါ ထွက်လာတယ်။ တခြား လျက်ဆား ဝယ်လျက်မှ ပျောက်သွားတယ်”
“သွတ်…သွတ်…သွတ်…သွတ်…”
“ကဲဗျာ ဘာပဲဖြစ်ဖြစ် ဂုရုကြီးရဲ့ စာဖတ် ပရိသတ် တယောက် အနေနဲ့ လျက်ဆားကို အားပေး လိုက်ပါ့မယ်။နှစ်ထုပ် ပေးပါ။ ဘယ်လောက် လဲ”
“တထုပ်ငါးဆယ် နှစ်ထုပ်တစ်ရာပါ”
မည်သို့ပင်ဖြစ်စေ မိမိ၏ စာဖတ် ပရိသတ် နှင့်တွေ့သဖြင့် လျက်ဆား နှစ်ထုပ် ရောင်းခဲ့ ရသည်။ လျှောက်လာပြီး လမ်းကြားလေး တခုတွင်း သို့ချိုး ဝင် လိုက်သည်။
“လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား၊ အထက် သိကြားက လက်ဖျား ခါရတဲ့ လျက်ဆား မဟာ။ ချောင်းဆိုး ရင်ကျပ် ပျောက်ရုံမက ကိုးဆယ့်ခြောက်ပါး အကုန် ပျောက်တယ်။ ဦးနှောက် အာရုံကြော အားနည်းတာ ပျောက်တယ်။ နှလုံး သွေးကြော ကျဉ်းတာ ပျောက်တယ်။ ဆီးကျိတ် ရောင်တာ ပျောက်တယ်”
ထိုလမ်း ကလေးထဲတွင် တိုက်မရှိ၊ တိုက်ခံအိမ် မရှိ၊ ရိုးရိုး ပျဉ်ထောင်အိမ် တောင့်တောင့် တင်းတင်းပင် မရှိ။ မင်္ဂလာလမ်း မှ ဂုရုကွေး၏ အိမ်စုတ် ကလေးကဲ့သို့ ခပ်နွမ်းနွမ်း အိမ်တွေသာ ရှိသည်။ မည်သည့် အိမ်ကမှ ထွက်မခေါ်။ လမ်းထဲက ခွေး တွေသာ ဇော်ဂျီ ဝတ်စုံနှင့် ဂုရုကွေး ကို ဝိုင်း ဟောင်ကြသည်။ ခွေးတွေ ဟောင် သဖြင့် အိမ် တွေက ဂုရုကွေး ကို အထူး အဆန်း အဖြစ် ထွက်ကြည့် ကြသည်။
“လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား၊ အထက် သိကြားက လက်ဖျား ခါရတဲ့ လျက်ဆား မဟာ၊ လက်ဝါး ပြရင် လျက်ဆား ရမယ်၊ ငါ သူတပါး ယောက်ျား မိန်းမ ကလေး လူကြီး အခြာက် ပါမကျန် မည်သူ မဆို လက်ဝါး ပြရင် လျက်ဆား ရမယ်” ဝယ်မယ့်သူ မရှိသည့် အပြင် အရူးကြီး တယောက်လို ဝိုင်းကြည့်ကြ သဖြင့် ဂုရုကွေး ခံပြင်း လာသည်။ ဈေးသည် မာနကို ထိခိုက် လာသည်။ ဒေါသ ဖြစ်ဖြစ်နှင့် လျက်ဆား မရောင်း တော့ဘဲ လျက်ဆား နမူနာ ပေးသည်။
“လျက်ဆား လိုချင် လက်ဝါးပြ”
“မပြဘူး”
ကလေးလေး တယောက်က ဆောင့်ကြီးအောင့်ကြီး ပြန်ဖြေသည်။
“လျက်ဆား လိုရင် လက်ဝါး ပြ နမူနာ ပေးမယ်”
“မလိုချင်ဘူး”
မိန်းမ တယောက်က ခံပြင်းသံဖြင့် ပြန် ဖြေသည်။
“ခင်ဗျားတို့က ဘယ်လိုတွေလဲ၊ နမူနာ ပေးတာတောင် မယူ ရအောင် ဘာဖြစ် နေလို့လဲ၊ ဖွတ်ကလိဒင်္ဂါး ပေးစရာ မလိုပါဘူး နမူနာ အလကား ပေးနေ တာပါ”
ဤတွင် တလမ်းလုံးမှ လူများက နမူနာ မယူချင်ဘူးဟု တသံတည်း ပြန်ဖြေကြသည်။
“ဘာဖြစ်လို့ မယူချင်တာလဲ”
သူတို့၏ အဖြေကိုကြားရသော အခါ ဖေဇော်ဂျီ ဂုရုကွေးသည် ဟိုက် ရှာလပတ်ရည်၊ မအော်နိုင်ဘဲ ပါးစပ် ဟောင်းလောင်း ပွင့်သွားသည်။
“အစာ ကြေမှာ စိုးလို့”
(အီကြာကွေး)
မဟေသီ(ရုပ်စုံမဂ္ဂဇင်း) အမှတ် ၂၉၁၊ မတ်လ၊ ၂၀၀၉ ခုနှစ်

မှတ်ချက်-www.naytthit.com မှ

Kyaymon (The Mirror)

17/04/2009

မြန်မာ နှစ်ဆန်း တစ်ရက်နေ့ ကြေးမုံ သတင်းစာ။

မြန်မာ့ တပ်မတော် သားများ သိရှိရန်

ဒါမျိုး ရေးမှ သိမှာ။
ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင် ဖြစ်နေတာကိုး။

Kyaw San Dance

27/03/2009

အရူးထ တဲ့ ကျော်ဆန်း

လူသတ်သမား နဲ့ အရက်သမား

15/03/2009

သန်းရွှေ နဲ့ မောင်အေး

မြန်မာ ကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ ၁၀၀

25/02/2009

၁။ မြန်မာလူမျိုးများ သည် အတိတ်ကို ခဏခဏ ပြန်သတိရ လေ့ရှိသူများ ဖြစ်ကြပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်း ဖြင့်သာ သတိရ လေ့ရှိသည်။
၂။ သီချင်း နားထောင်လေ့ရှိသူများ ဖြစ်ပြီး သီချင်းနားထောင် နေရင်း အတိတ် အကြောင်းများ ပြန်တွေး လေ့ရှိသူများ ဖြစ်ကြသည်။
၃။ စားသောက်ဆိုင် တွင် စကားစမြည် ပြောမည်ဆိုပါက .. အစာ လုံးဝ မစားရ။
(သိပ်စားချင်လျှင် အရည်တစ်ခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့် ရှိသည်။ )
၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီ ပေးချင်သော ယောင်္ကျားလေးများ အများ အပြား ရှိသည်။
၅။ ထို ယောင်္ကျားလေးများ အားလုံးသည် ကားပြင်တတ် သူများသာ ဖြစ်ကြသည်။
၆။ ထို မိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့် လမ်းသွား လမ်းလာ များကိုသာ အကူအညီ တောင်းလေ့ ရှိသည်။
၇။ Professional Graphic Designer တစ်ယောက်သည် Laptop ဖြင့် Touch pad ကို သုံးပြီး အံသြဖွယ် ကောင်းသော ဒီဇိုင်းများကို Microsoft paint ဖြင့် ဖန်တီး လေ့ရှိသည်။
၈။ Instant Messenger / Chat Client ဆိုသည်မှာ Pagemaker / MS Word ကို ဆိုလိုခြင်းဖြစ်သည်။
၉။ ကွန်ပျူတာ ပညာရှင်များ သည် စာရွက် များဖြင့်သာ အလုပ်ရှုပ် နေတတ် ကြပြီး ကွန်ပျူတာ သုံးလေ့ မရှိကြ။
၁၀။ သူခိုးများသည် အသံ မကြားအောင် ခြေဖျားထောက် ပြီး လမ်းလျှောက် လေ့ရှိသည်။
၁၁။ ဆင်းရဲသား များ ရန်အလွန် ဖြစ်ကြသည်။
၁၂။ ရုပ်ဆိုး သူများသည် လူဆိုး၊ လူမိုက်များ ဖြစ်ကြသည်။
၁၃။ လူမိုက်များသည် ဘောင်းဘီသာ ဝတ်ကြ ပြီး ပုဆိုးဝတ်လေ့ မရှိကြ။
၁၄။ လူဆိုးခေါင်းဆောင် အများစုသည် ကုတ်အင်္ကျီ (သို့) Leather Jacket ဝတ်လေ့ရှိပြီး တခါတရံ ဦးထုပ် ဆောင်းတတ် ကြသည်။
၁၅။ လူဆိုးများ သည် ခြံကျယ် ကြီးများ၊ တိုက်ပျက် ကြီးများတွင် စခန်းချလေ့ ရှိသည်။
၁၆။ ထောင်မှ ထွက်လာ သူများသည် ကောင်းမွန်စွာ လုပ်ကိုင်စားလေ့ မရှိဘဲ လူဆိုးများဖြင့်သာ ပြန်လည် ပေါင်းသင်းပြီး ဆက်လက် ဆိုးသွမ်း ကြသည်။
၁၇။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာ ဖြစ်လေ့ ရှိသည်။
၁၈။ မြန်မာ လူမျိုးများသည် ရေကူးကန် နားသို့ ရောက်လျှင် မည်သူ့ကို မဆို ရေထဲသို့ တွန်းချ လေ့ရှိသည်။
၁၉။ စီးပွားရေး သမားအများစု သည် အနောက်တိုင်း ဝတ်စုံကို ဝတ်စုံပြည့် ဝတ်ဆင် သွားလာ လေ့ရှိသည်။
၂၀။ ထိုလူ အများစုသည် အနက်ရောင် လက်ဆွဲ သေတ္တာများ ကိုင်ဆောင်လေ့ ရှိကြသည်။
၂၁။ ဖန်ခွက် ကျကွဲလျှင် ထိုသူနှင့် ပတ်သက်သူ တစ်စုံ တစ်ယောက်မှာ သေဘေး (သို့) အန္တရာယ်နှင့် ကြုံနေ ရသည်မှာ အသေအချာပင်။
၂၂။ သေခါနီး လူမမာ များသည် စကားအလွန် များသော သူများ ဖြစ်ကြသည်။
၂၃။ သူတို့ စကားပြောလို့ မပြီးမချင်း သေလေ့ မရှိ။
၂၄။ ကျေးရွာ တိုင်းတွင် ထန်းတော ရှိတတ်ပြီး၊ အဆိုပါ ထန်းတောတွင် အချိန်ပြည့် မူးရူးနေသူ များဖြင့် ပြည့်နေသော ထန်းရည်ဆိုင် ရှိသည်။
၂၅။ တက္ကသိုလ် ကျောင်းသား ဘဝသည် ကင်တင်းတွင် တနေကုန် ထိုင်ပြီး ရယ်စရာ ဟာသများ ပြောကာ ကောင်မလေး များကို ထိုင်ငမ်းနေသော နေ့ရက်များ ဖြစ်သည်။
၂၆။ တက္ကသိုလ် ကျောင်း ဆိုသည်မှာ Myanmar Info Tech ( ICT Park ) နှင့် အင်းလျား ကန်ဘောင်ကို ဆိုလိုခြင်း ဖြစ်သည်။
၂၇။ စာသင်ခန်း ထဲတွင် စိတ်ကြိုက် စကား ပြောခွင့် ရှိသည်။
၂၈။ ကျောင်းသူ အများစုသည် အသံ စွာကျယ် စွာကျယ် စကား ပြောလေ့ ရှိပြီး၊ကင်တင်း တွင် ဟီးဟီး ဟားဟား လုပ်လေ့ ရှိသူများ ဖြစ်ကြသည်။
၂၉။ ထိုမိန်းကလေး များသည် ဆိုင်ထဲသို့ ယောင်္ကျားလေး တစ်ယောက် လာလျှင် ဝိုင်းစ တတ်ကြသည်။
၃၀။ အစခံရသော ယောင်္ကျားလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်းများ လုပ်လေ့ရှိသည်။
၃၁။ အသက် မည်မျှပင် ကြီးစေကာမူ အထက်တန်း ကျောင်း တက်လေ့ ရှိကြသည်။
၃၂။ လူငယ် ယောင်္ကျားလေး မိန်းကလေး များသည် ၃ယောက် ၄ယောက် အဖွဲ့လိုက်သာ ပေါင်းသင်းလေ့ ရှိကြသည်။ တစ်ယောက် တည်း နေလေ့ သိပ်မရှိ။
၃၃။ ယောင်္ကျားလေး အဖွဲ့မှ တစ်ယောက်ယောက် နှင့် မိန်းကလေး အဖွဲ့မှ တစ်ယောက်ယောက် ချစ်သူ ရည်းစား ဖြစ်သွားလျှင် ယောင်္ကျားလေး များသည် ထိုမိန်းကလေး အဖွဲ့မှ အခြားသော မိန်းကလေး များနှင့် ရည်းစား ဖြစ်သွား လေ့ရှိသည်။
၃၄။ သမီးရည်းစား များသည် သီချင်း ဖွင့်ထားသော ပန်းခြံ ထဲတွင် ပြေးလွှား နေလေ့ရှိသည်။
၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန် ရှိနေပြီ ဖြစ်သည်။
၃၆။ ကိုယ်ဝန်ရှိသော မိန်းကလေး ချော်လဲလျှင် ကိုယ်ဝန် ပျက်ကျဖို့ ၉၀% သေချာသည်။
၃၇။ မွေးလာသော ကလေးမှာ ယောက်ျားလေး ဖြစ်လျှင် လင်ယောင်္ကျားမှာ အလွန် ပျော်ရွှင်လေ့ ရှိသည်။
၃၈။ မြန်မာ မိန်းကလေးများ သည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ ရှိကြသည်။
၃၉။ အသည်း ကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ ရှိကြသည်။
၄၀။ မိန်းကလေး တစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါ မိန်းကလေးနှင့် ရည်းစား ဖြစ်တတ်သည်။
၄၁။ မိန်းကလေး တစ်ယောက်သည် ယောင်္ကျားလေး တစ်ယောက်အား မကျေနပ်၍ လက်စား ချေလိုလျှင် သမီးရည်းစား အဖြစ် တွဲလေ့ရှိသည်။
၄၂။ အရက်မူး လာရင် အာလေး လျှာလေးဖြင့် စကားပြောတတ်ပြီး .. ပြောသမျှ စကား အများစုမှာ ရန်စကား များသာ ဖြစ်ကြသည်။
၄၃။ အရက်ဆိုင် အတွင်း ရန်ဖြစ်လျှင် များသောအား ဖြင့် ရဲ လာဖမ်းလေ့ မရှိ။
၄၄။ မူးရူးပြီး အိမ်ပြန် လာလျှင် အိမ်ရှိ ကောင်မလေးများ အား မတရား ပြုကျင့် တတ်ကြသည်။ ထိုအချိန် တွင် စားပွဲပေါ်မှ ပန်းအိုး လဲသွားခြင်း၊ ကျကွဲခြင်း၊ ပန်းပွင့် ကြွေခြင်းများ ဖြစ်တတ်သည်။
၄၅။ အခန်း တစ်ခန်း အတွင်းမှ ထွက်လာပြီး ပုဆိုးပြင် ဝတ်လျှင် မုဒိန်း ကောင်ဖြစ်သည်။(မူးနေသူ ဖြစ်ပြီး မျက်နှာတွင် အဆီပြန် နေပါက ၁၀၀% သေချာသည်။)
၄၆။ မတရား ပြုကျင့် ခံရသူတိုင်း ကိုယ်ဝန်ရှိလာ ကြသည်။
၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့ မရှိကြ။
၄၈။ ကိုယ်ဝန် ဖျက်ချလေ့လည်း မရှိသည့်အပြင် ကလေးကို တောရွာ တစ်ခုခုသို့ သွားပြီး ခက်ခဲ ဆင်းရဲစွာ မွေးလေ့ ရှိသည်။
၄၉။ အိမ်များတွင် ချောမော လှပသော အိမ်ဖော် ကောင်မလေးများ ရှိတတ်သည်။
၅၀။ ထိုအိမ်ဖော် ကောင်မလေး များသည် အိမ်ရှင်၏ သားများနှင့် ငြိစွန်း သွားတတ် ကြသည်။
၅၁။ ရုပ်ဆိုးသော အိမ်ဖော်အား မည်သူမျှ မတရား ပြုကျင့်ခြင်း မရှိ။
၅၂။ ခေတ်လူငယ် အများစုသည် Shopping Mall များ၊ Snack Shop များတွင် တချိန်လုံး အချိန်ဖြုန်း နေတတ် ကြသည်။
၅၃။ အဆိုပါ ဆိုင်များတွင် တွေ့သမျှ ကောင်မလေး များအား မျက်စ ပစ်ပြခြင်း စသည် စသည်များ စိတ်ကြိုက် လုပ်ခွင့် ရှိသည်။
၅၄။ မိန်းကလေးများ အဖွဲ့လိုက် ခရီးထွက်ပါက ယောင်္ကျားလေးအဖွဲ့ တစ်ဖွဲ့နှင့် လမ်းခရီးမှာ ကြုံတွေ့လေ့ ရှိပြီး ချစ်သူ ရည်းစား ဖြစ်သွား လေ့ရှိသည်။
၅၅။ ယောင်္ကျားလေး မိန်းကလေး အဖွဲ့များတွင် အချောဆုံး တစ်ယောက်မှ လွဲ ပြီး ကျန်သော သူငယ်ချင်း များမှာ တချိန်လုံး ဟာသ လုပ်ပြီး ရယ်စရာ များ ပြောနေ တတ်ကြသည်။
၅၆။ ခေတ်လူငယ် အများစုမှာ မိဘ တစ်ဦး (သို့) နှစ်ဦး စလုံး မရှိ တတ်ကြ။ ဦးလေး အဒေါ်များ သူငယ်ချင်း များဖြင့်သာ နေလေ့ ရှိကြသည်။
၅၇။ စတိုးဆိုင်ရှိ အရောင်း စာရေးမ များအား ရည်းစား စကား စိတကြိုက် ပြောခွင့် ရှိသည်။
၅၈။ (အရောင်း တာဝန်ခံ/မန်နေဂျာ/Security) မည်သူ ကမျှ မတားဆီးကြ၊ အနှောင့် အယှက် ပေးလေ့ မရှိကြ။
၅၉။ မည်သူမဆို Taxi ငှားစီးလျှင် မည်သည့် အခါမှ ဈေးမဆစ်ကြ။
၆၀။ အသက် ၄၀ ကျော် မိန်းမကြီး ၉၀% ခန့်မှာ အတင်း ပြောတတ် သူများသာ ဖြစ်ကြသည်။
၆၁။ ရှုပ်ပွေသော မိန်းမ များသည် အချိန်ပြည့် ဖဲရိုက် နေလေ့ ရှိသည်။
၆၂။ အိမ် တစ်အိမ်တွင် အဖိုး၊ အဖွား များသည် သြဇာ အရှိဆုံး လူများ ဖြစ်ကြသည်။
၆၃။ ည အချိန်မတော် လမ်းမ ပေါ်တွင် သီချင်း အကျယ်ကြီး ဆိုပြီး ဂစ်တာ တီးနေ သူများကို တစ်ရပ်ကွက် လုံးက သည်းညည်း ခံကြသည်။
၆၄။ ဂစ်တာ တစ်လုံး ထဲဖြင့် Drum/Keyboard အသံများ ထွက်အောင် တီးတတ် ကြသည်။
၆၅။ ကောင်မလေး များသည် အဖော် မပါဘဲ ည အချိန်မတော် လူပြတ်သော လမ်းများတွင် သွားလာ လေ့ရှိသည်။
၆၆။ ထိုလမ်းများတွင် အဖော် မပါသော ကောင်မလေး အား ဆွဲလား ရမ်းလား လုပ်ဖို့ အရက် မူးနေသော လူရမ်းကား များ လူဆိုး များ စောင့်နေ တတ်သည်။
၆၇။ ထိုမိန်းကလေး များသည် အများအားဖြင့် အော်ဟစ် အကူအညီ တောင်းလေ့ မရှိကြ။
၆၈။ ယောင်္ကျားလေး များသည် တစ်ယောက် တည်းပင် ဖြစ်စေ ကာမူ ၂ယောက် ၃ယောက် မကသော လူဆိုး၊ လူမိုက် များနှင့် ရန်ဖြစ် လေ့ရှိသည်။ ရန်ဖြစ်သည့် အခါများတွင် တိုက်ဆိုင်စွာ ဘောင်းဘီ ရှည်သာ ဝတ်ထား လေ့ရှိသည်။
၆၉။ ရန်ဖြစ်သည့် အချိန်တွင် လဲကျသွားပါက ရှုံးပြီ ဖြစ်သည်။
၇၀။ အလွန် ချောမော လှပသော ကောင်မလေး များတွင် ခပ်ပေါပေါ ခပ်ချာချာ အစ်ကို တစ်ယောက် ရှိနေ တတ်သည်။
၇၁။ ထိုမိန်းကလေး ၏ အဖေသည် သူ၏ သားမက်လောင်း အား မည်သည့် အခါမျှ မျက်နှာကျော မတည့်။
၇၂။ နယ်မှ တစ်ယောက် တည်း လာနေသော မိန်းကလေး များသည် သိန်းချီပေးရသော အခန်းများ ငှားနေ တတ်ကြပြီး ဘတ်စ်ကား ဖြင့် သွားလာ လေ့ရှိသည်။
၇၃။ ဆင်းရဲသား အလုပ်သမား များသည် စုတ်ချာသော (တခါတရံ) စုတ်ပြဲနေသော အဝတ်အစား များသာ အမြဲလိုလို ဝတ်ဆင် ကြသည်။
၇၄။ ချမ်းသာ သူတို့၏ သားသမီး များသည် ဘွဲ့ရပြီးသည် အထိ အလုပ် လုပ်လေ့ မရှိကြ။
၇၅။ အသည်း ကွဲသူများ သည် မီးရထား လမ်းဘေး တွင် လမ်းလျှောက် နေလေ့ ရှိသည်။
၇၆။ ပိုက်ဆံ ချမ်းသာသော လုပ်ငန်းရှင် သူဌေး များသည် ဆင်းရဲပြီး ချောမော လှပသော ကောင်မလေး အား လက်ထပ်ခွင့် ရရန် ယောက္ခမ လောင်းများအား ငွေဖြင့် သိမ်းသွင်း တတ်သည်။
၇၇။ အဖြူရောင် ကုတ်အကျီရှည် ဝတ်ထားပြီး နားကျပ် လည်ပင်း တပ်ထား သူတိုင်း ဆရာဝန် များ ဖြစ်ကြသည်။ (သို့) ဆရာဝန်တိုင်း ဂျူတီကုတ် ဝတ်ပြီး နားကျပ် လည်ပင်း ဆွဲထား တတ်ကြသည်။
၇၈။ ခွဲစိတ် ကုသမှု မအောင်မြင်လျှင် ခွဲစိတ် ဆရာဝန်ကြီး သည် ခွဲခန်း အတွင်းမှ ခေါင်းယမ်း၍ (သို့) မျက်နှာ ပျက်၍ ထွက်လာ တတ်သည်။
၇၉။ မင်းသား(သို့) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို့) သွေးတိုး ရောဂါများ ရှိတတ်သည်။
၈၀။ တယ်လီဖုန်းမှ သတင်း ဆိုးကြားရလျှင် တယ်လီဖုန်း ပြောနေရင်းမှ မူးမေ့ လဲသွား တတ်သည်။
၈၁။ အလွန် တော်သော မိန်းမ များသည် အသုံး မကျသော (သို့) အလွန် မာန ကြီးသော ယောက်ျား များကို ကြိုက်နှစ်သက် ကြသည်။
၈၂။ အလွန် ထက်မြက်သော မိန်းမ များ၏ အိမ်ထောင်ရေး သည် အဆင် မပြေ။
၈၃။ လူငယ် များ၏ နာမည် အများစုမှာ ခေါ်ရ ခက်သော သောက်ညင် ကတ်ဖွယ် နာမည်များ ဖြစ်လေ့ ရှိသည်။
၈၄။ တခါတရံ မည်သို့မျှ တွေးတော ယူဖွယ် မရ လောက်သော နာမည် မျိုးရှိသည်။
၈၅။ ထို သောက်ညင် ကတ်ဖွယ် နာမည် ဆိုးကို မည်သူ ကမျှ စခြင်း နောက်ခြင်း ပြောင်လှောင်ခြင်း မပြုကြ။
၈၆။ ယောင်္ကျား နောက် ခိုးရာ လိုက်ပြေး သွားသော မိန်းကလေး များသည် မိဘများ အား ခိုးရာ လိုက်သွားပြီ ဖြစ်ကြောင်း .. လိုက်မရှာ ရန် နှင့် ခွင့်လွှတ် စေချင်ကြောင်း .. အစ ရှိသဖြင့် စာရေး ထားတတ်ကြပြီး .. အိပ်ယာ ပေါ် သို့မဟုတ် အိပ်ယာ ဘေးက စားပွဲပေါ်တင်ထား လေ့ရှိ ကြသည်။
၈၇။ ထိုစာ အများစုတွင် သမီးမိုက် ဆိုသော စာသား ပါလေ့ ရှိသည်။
၈၈။ ယောင်္ကျား လေး အများစု ကတော့ မိဘကို မိန်းမ ခိုးမည့် ကိစ္စနှင့် ပတ်သကပြီး လုံးဝ အသိ ပေးလေ့ မရှိ။
၈၉။ နှဲသံ ကြားပါက (နာတာရှည်) မမာမကျန်း ဖြစ်နေ သူများ သေတတ်သည်။
၉၀။ ယောင်္ကျားလေး များ၏ အခန်းသည် လူမနေသည့် အခန်းကဲ့သို့ အစဉ်အမြဲ ရှင်းလင်း နေတတ်ပြီး သန့်ရှင်း နေလေ့ ရှိသည်။
၉၁။ အိမ်ဖော် မိန်းမများ၊ ခြံစောင့် များသည် အိမ်ရှင်၏ သမီးအား မမလေး ဟုသာ ခေါ်လေ့ ရှိသည်။
၉၂။ အခု နောက်ပိုင်း တွင် ပေါ့ပေါ့ပါးပါး စကားများ ကိုပင် လေးနက် အောင် တမင်ကြိုးစား ဖျစ်ညှစ် ပြောတတ်သော အကျင့်များ ရှိလာ ကြသည်။
၉၃။ လူကြားထဲတွင် အိနြေ္ဒ ပျက်လောက် အောင် တကိုယ်လုံး နှင့် လက်များ ရမ်းခါလှုပ်ပြီး စကား ပြောတတ် သူများကို .. မထူးခြား သယောင် ဆက်ဆံ ပြောဆို တတ်ကြသည်။
၉၄။ လူငယ် များသည် ပူအိုက်သော ရာသီ မှာပင် အနွေး ထည်များ ဝတ်ဆင် လေ့ရှိသည်။
၉၅။ ကျောင်းသား ကျောင်းသူ အများစု မှာ စာကြိုးစား သည်ကို မတွေ့ရ။
၉၆။ ဖယောင်း တိုင်များ ထွန်းထားလျှင် အလွန်ပင် ရိုမန်တစ် ဖြစ်သည်။
၉၇။ သင်္ကြန် လည်ရာ တွင် မည်သူမျှ အရက် မသောက်ကြ။
၉၈။ နိုင်ငံခြား သွားပြီး ပညာ သင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် (သို့) ပညာရှင် အဖြစ် ရပ်တည် နိုင်သည်။
၉၉။ ယောင်္ကျား ဖြစ်ပြီး နှုတ်ခမ်းမွှေး မရှိရင် အတု တပ်ထား တတ်ကြသည်။
၁၀၀။ မြန်မာ လူမျိုးများ သည် မည်မျှပင် ဒေါသ ထွက်စေ ကာမူ ဆဲဆိုခြင်း မပြုကြ။

မှတ်ချက်- အင်တာနက် စာမျက်နှာ ပေါ်တွင် ပျံ့နှံ့နေသော ဟာသ များဖြစ်သည်။

Sumo

23/02/2009

ဘန်ကီမွန်း မြန်မာပြည် သို့ သွားသင့်၊မသွားသင့်

တရုတ် နှင့် အိန္ဒိယ ရုပ်ရှင်များ အကြောင်း

22/02/2009

ကုလားကား တွေမရှိရင် ဘယ်တော့မှ မသိ နိုင်မယ့် အချက်တွေ ကတော့
၁။ မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက် ခံနေရ ချိန်မှာတောင် နာကျင်ပုံ မပြပေမယ့် မင်းသမီးက အနာကို သန့်စင်ပြီး ဆေးထည့်ပေးတဲ့ အခါမှာတော့ နာကျင်ပြီး တွန့်သွား တတ်ပါတယ်။
၂။ မင်းသားနဲ့ မင်းသမီးဟာ မိုးရေထဲမှာ အရင် မ"က"ရသေးသရွေ့ ချစ်သူ မဖြစ် ရပါဘူး။
၃။ မိတ်ကပ် တွေဟာလည်း တခါလိမ်း ပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် ဒီအတိုင်းပဲ ရှိနေပါတယ်။
၎။ မင်းသား နဲ့ မင်းသမီး ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာ ကနေတုန်း ရုတ်တရက် (ဘယ်က ရောက်လာသလဲ ဆိုတာ ဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက် ထွက်လာပြီး သူတို့နဲ့အတူ ဝင်ကလေ့ ရှိပါတယ်။
၅။ ဇာတ်သိမ်းခန်း ကျရင် မင်းသားဟာ သူနဲ့ တိုက်ခိုက် နေတဲ့ လူဆိုးက သူ့အစ်ကို ဖြစ်ကြောင်း၊ သူ့ကို ကြည့်ရှု စောင့်ရှောက် နေတဲ့ အိမ်ဖော် မိန်းမကြီးက သူ့အမေ ဖြစ်ကြောင်း၊ ရဲ အရာရှိကြီး က သူ့အဖေ ဖြစ်ကြောင်း၊ တရား သူကြီးက သူ့ဦးလေး ဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့် ဖော်ထုတ် သိရှိ သွားတတ် ပါတယ်။
၆။ ရုပ်ရှင်ထဲက စကားတွေ ကြားမှာ ခပ်ကျယ်ကျယ် ပြောပြီး အများဆုံး ညှပ်သုံး တတ်တဲ့ အင်္ဂလိပ် စကားလုံး တွေကတော့ "No Problem", "My God!", "Get Out!", "Shut Up!", "Impossible" နဲ့ "Please forgive me!" တို့ ဖြစ်ပါတယ်။
၇။ မင်းသား မင်းသမီး တွေဟာ သီချင်း ဆိုနေတုန်း မှာပဲ မြေကြီးပေါ် လှဲချပြီး လူးလှိမ့် နိုင်သလို အဝတ်အစား တွေလဲ အမျိုးမျိုး ပြောင်းနိုင် ကြပါတယ်။
၈။ သူတို့တွေဟာ အုန်းပင်တွေ ကြားမှာ ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊ မျက်တောင်များ ပုတ်ခတ် ပုတ်ခတ် လုပ်ခြင်း၊ တစ်ယောက် နဲ့ တစ်ယောက် ဖြတ်ခနဲ အကြည့်ချင်း ဖလှယ်ခြင်း၊ အဝတ်အစား လဲခြင်းများ ကို တပြိုင်တည်း မှာ လုံးဝ မမောမပန်း ဘဲ လုပ်နိုင် ကြပါတယ်။

တရုတ် သိုင်းကားတွေ မရှိရင် ဘယ်တော့မှ မသိ နိုင်မယ့် အချက်တွေ ကတော့
၁။ မင်းသားရဲ့ မိဘဖြစ်ရတဲ့ သူတွေဟာ ကံမကောင်း တတ်ကြပါဘူး။ မင်းသား ငယ်စဉ် ဘဝမှာ ရန်သူတွေ သတ်တာ ခံရပြီး မင်းသားက မိဘမဲ့ ဖြစ်သွားလေ့ ရှိပါတယ်။
၂။ ဒဏ်ရရပြီး သေလုမျောပါး ဖြစ်နေတဲ့ လူတွေဟာ အသက်ကို ရအောင်ရှုပြီး သူ့ကို ဘယ်သူသတ်သလဲ ဆိုတာ ဖော်ထုတ်ဖို့ စကား အနည်းငယ် ပြောပြီးမှ (သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းက စောင်းကျ သွားပါတယ်။
၃။ သိုင်းပညာ ရှင်တွေဟာ ခေါင်မိုးတွေ သစ်ပင်တွေ ပေါ်မှာ အဝေးကြီးကို ချွေးလုံးဝ မထွက်ဘဲ ပျံနိုင်ပါတယ်။ ဒါပေမယ့် တခြားမြို့တွေ ရွာတွေကို ခရီးထွက်တဲ့ အခါတွေ မှာတော့ လမ်းလျှောက်ပြီး (ဒါမှမဟုတ်) မြင်းစီးပြီး သွားကြရရှာ ပါတယ်။
၎။ မင်းသား သူရဲကောင်း တွေဟာ ပိုက်ဆံရဖို့အတွက် အလုပ် မလုပ်ပေမယ့် ဝယ်စားတဲ့ အစားအစာ တွေ အတွက် ပေးဖို့ ရွှေတုံး ငွေတုံး တွေ သူတို့မှာ အမြဲ ရှိနေတတ် ပါတယ်။
၅။ တိုင်းပြည်က ဘယ်လောက် ကြီးကြီး၊ ဘယ်နေရာ တွေမှာပဲ ရောက်နေနေ မင်းသားနဲ့ လူဆိုးတွေဟာ မကြာခဏ လမ်းမှာ ဆုံလေ့ ရှိကြပါတယ်။
၆။ အတွင်း ဒဏ်ရာတွေ ကုသရ တာလည်း အရမ်း လွယ်ကူပါတယ်။ တင်ပလ္လင်ခွေထိုင်၊ ဒူးခေါင်းပေါ်မှာ လက်တွေ တင်ပြီးရင် ခေါင်းက မီးခိုးတွေ ထွက်သွား တာနဲ့ ပျောက်ပါပြီ။
၇။ သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေ အများကြီး (အထူးသဖြင့် ရွှေတုံး ငွေတုံးတွေ) ထည့်နိုင်ပြီး ဘယ်တော့မှလည်း ပြုတ်မကျ ကြပါဘူး။

အင်တာနက် တွင် ရှာဖွေ တွေ့ရှိသော ဟာသ များဖြစ်သည်။ စာရေးသူ အမည် မသိရ သေးပါ။

လူတူမရှား

22/01/2009

လောကကြီးမှာ လူတူမရှား နာမည်တူမရှား ပေါ့ဗျာ။ ဒါပေမယ့် အိုဘားမား နဲ့တူတဲ့ အတွက် သာမန် လူတစ်ယောက် ကနေ ချက်ချင်းလက်ငင်း TV စတားဖြစ်လာတာကတော့ အင်ဒိုနီးရှား နိုင်ငံက အသက်၃၄ နှစ် ရှိတဲ့ ဓါတ်ပုံဆရာ အီဟန် အာနပ်စ် ( IIham Anas) ဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားနဲ့  ဖိလစ်ပိုင်နဲ့  စီပွားရေး လုပ်ငန်းတွေကို ကြော်ငြာ ရိုက်ပေး နေရပြီလို့ ဆိုပါတယ်။ Talk Show တွေနဲ့မအား နိုင်အောင် ဖြစ်နေတယ် လို့ဆိုတယ်။ မလေးရှား လေဆိပ် ရောက်တုန်းက လူတစ်ယောက်က သူကို ခင်ဗျား အိုဘားမားလား လို့လာမေးတာ ကိုတောင် ခံရဘူးတယ် လို့ ဆိုတယ်။ မဂ္ဂဇင်း တစ်စောင် အတွက် လည်း ဝတ်စုံ ဝတ် အမေရိကန် အလံကို နောက်ခံထားပြီး ဓါတ်ပုံ ရိုက်ပေးလိုက်ရပြီး ပြီ။ အရင် က သူမျက်နာကို သူအားငယ်စိတ် ရှိပေမယ့် ခုတော့ သူဟာ ဘုရားပေးတဲ့ ဆုပဲလို့ ဆိုပါတယ်။ အိုဘားမားရဲ့ ကျော်ကြား အောင်မြင်မှုက သူနဲ့တူတဲ့ သူကိုတောင် ကောင်းကျိုး ပြုနေတာကတော့ ကျေနပ်စရာ ကောင်းပါတယ်။
သူကံကောင်း တာကတော့ သန်းရွှေနဲ့ သွားမတူခြင်းဖြစ်ပါတယ်။ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း နဲ့ တေဇ တို့ နဲ့ တူနေတဲ့သူ ဆိုရင်တော့ သတိထားပါ ချောင်းအရိုက်ခံရ နိုင်ဖွယ်ရှိတဲ့အတွက် လိုရမယ်ရသံခမောက် တစ်လုံးကို အမြဲတမ်းဆောင်းထား သင့်ပါကြောင်း။ သူတို့ လိုမျက်နှာရှိတဲ့ သူတွေကလည်း စွဲဆောင်မှု နဲ့နှစ်လိုဖွယ် တစ်စက်မှမရှိတော့ မစွန်ပဲ စိတ်ကျဝေဒနာ ( Depression) လည်းရလာ နိုင်ပါကြောင်း။
(ဝင်းဇော်)

McCain-Obama Dance-Off

12/11/2008


McCain-Obama တို့ရဲ့အကပြိုင်ပွဲ

ဗေဒင်ဆရာ ဘအေး မှန်လိုက်လေ

11/11/2008

တောရွာတစ်ရွာတွင် ဗေဒင်ဆရာ ဘအေး အလွန်မှန်သည်ဟု နာမည်ကြီးနေ၏။ ထို့ကြောင့် တစ်နေ့တွင် ထိုရွာမှ လုတစ်ယောက်သည် ဗေဒင်ဆရာ ဘအေး ထံတွင် သွား၍ ဗေဒင်ကြည့်၏။ ထိုအခါ ဗေဒင်ဆရာက
ခင်ဗျား ဆယ့်လေးငါးရက် အတွင်းမှာ သွေးထွက်သံယို ဖြစ်ကိန်းမြင်တယ်
ဟူ၍ ဟောလိုက်၏။
ထိုသူလဲ ဆယ့်လေးငါးရက် စောင့်၍ကြည့်၏။ သူ့တွင်ဘာမှ မဖြစ်သဖြင့် ရွာထဲရှိ လူစုစုရှိသော နေရာတိုင်းတွင်
ဗေဒင်ဆရာ ဘအေး မှန်တယ် မှန်တယ် ဆိုတာ အလကားပါကွာ၊ တစ်နေ့ကသူ ငါ့ကို ဆယ့်လေးငါးရက် အတွင်း သွေးထွက်သံယို ဖြစ်ကိန်းမြင်တယ်လို့ ဟောတယ်၊ အခု ဆယ့်လေးငါးရက်ပဲ ရှိပေါ့ ဘာမှမဖြစ် ပါဘူး၊ ဒီဗေဒင်ဆရာ အလကားပါကွာ
ဟူ၍ပြောပြီး နာမည် ဖျက်နေသည်။ ထိုသတင်းကို ကြားသော ဗေဒင်ဆရာ ဘအေးက
အင်း...ဒီကောင် ငါ့ထမင်းအိုးကို ခွဲမယ့်ကောင်ပဲ၊ မဖြစ်တော့ဘူး
ဟူ၍စဉ်းစားပြီး မှောင်မိုက်သော ညတစ်ညတွင် ဗေဒင်ဆရာ ကိုယ်တိုင် ထိုသူကို ချောင်းရိုက်တော့၏။
ထိုမှစ၍
ဗေဒင်ဆရာ ဘအေး သွေးထွက်အောင် မှန်တယ် ဟူ၍ နာမည် ပိုကြီး လာတော့၏။

ဖေဖေ သူတို့လို ဝတ်ပါလား

30/10/2008

မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။
တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။
ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို... တိုက်ပုံအင်္ကျီအဖြူ၊ ပုဆိုးအစိမ်းဝတ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်
အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့
ဟို... အင်္ကျီအဝါ၊ ထမီအဝါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ
အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့
ဟို... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော
သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့
ဟို... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ
လမ်းပြပုလိပ်တွေပေါ့ သားရဲ့
အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော် ဖေဖေ၊ ဟုတ်လား
ဟုတ်တယ်ကွဲ့
အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ
ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ
အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …
ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊ သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့ တဲ့။

ရေးသူ=ဂျင်ဂလိ
ိ

အမည်တူ ရပုံ

25/10/2008

ရန်ကုန်မှာလုံခြုံရေးအထူးတင်းကြပ်လာတာ၁၉၈၈ခုနှစ်နောက်ပိုင်းကတည်းကဆိုတာ
မြန်မာနိုင်ငံသားတိုင်းသိပါတယ်။ ကား၊ရထား ယာဉ်နဲ့ လမ်းခရီးမှာဆိုရင် မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေးကတ်ပြား) စစ်မယ်။ညဘက်မှာဆို အိမ်တွေ လှည့်ပြီး ဧည့်စာရင်းစစ်မယ်။ မသင်္ကာရင်ဖမ်းမယ်။ အခုဆိုရင်လူနေရပ်ကွက်တွေကနေ ဘုန်းတော်ကြီးကျောင်းတွေတောင် ချမ်းသာ မပေးနိုင်တဲ့ အထိ စစ်ဆေးရေး ထူထပ်လာပါပြီ။
ဒီအချိန်မှာ ညအချိန် လမ်းမှာ ကြောင်တောင်တောင် လူတယောက်ကို မသင်္ကာလို့  ရဲစခန်းကို ဖမ်းခေါ်လာပြီး စစ်ဆေးရာမှာ
ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ
ဟို ဟို ဗျာ။ ဒီ ဒီ-- ကျွန်တော့်နာမည်က
ကိုယ့်နာမည် ကိုတောင်မေ့နေရသလား။ ခင်ဗျားမိဘတွေက ခင်ဗျားကိုဘယ်လိုခေါ်လဲ။
သားသားလို့ ခေါ်တယ်။
ခင်မှားမိန်းမက ခင်ဗျား ဘယ်လိုခေါ်သလဲ။
မောင်တဲ့။
မဟုတ်သေးပါဘူး၊ ခင်ဗျားသား သမီးတွေကရော ခင်ဗျားကို ဘယ်လိုခေါ်သလဲ။
အဖေကြီးတဲ့။
ဟာ- ဒီလူကွာ ကြောင်သလားမမေးနဲ့ ။ ရူးကြောင်ကြောင်ထပ်လုပ်ရင်တော့ နားရင်းတီး မိတော့မယ်။ကိုင်း-- သူငယ်ချင်းတွေကရော ခင်ဗျားကို ဘယ်လိုခေါ်လဲ။
ဆရာတို့ ခုနပြောတဲ့ ရူးကြောင်ကြောင်ဆိုတဲ့ စကားကြားမှ ကျွန်တော့်နာမည် မှတ်မိလာ တယ်။ အဲလို ဖြစ်လွန်းလို့  သူငယ်ချင်းတွေကရော တရွာလုံးက ပေးထားတဲ့ နာမည်ရှိတယ်။ အခုမှ မှတ်မိပြီ။
မှတ်မိရင် မြန်မြန်ပြောဗျာ။

ဟို ဟို - သန်းရွှေကြီး တဲ့။


P.S:copied from hittaing

မြန်မာစကား ပြောချင်လွန်းလို့

07/10/2008


မြန်မာနိုင်ငံတွင် ဂျပန်များ အုပ်စိုးနေသော ဒုတိယကမ္ဘာစစ် အချိန်ကာလဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည် မြန်မာစကားအလွန်တတ်ချင်သဖြင့် အမြဲလေ့လာလျက်ရှိသည်။ နေ့စဉ်အရပ်သုံး မြန်မာစကားများကို လေ့လာကျက်မှတ်သည့် အပြင် အိတ်ဆောင်မှတ်စု စာအုပ်ဖြင့်လည်း မြန်မာစကား အသံထွက်များကို ဂျပန်လို ရေးမှတ်ထားလေ့ရှိသည်။
တစ်နေ့တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီးလျက် မြို့ထဲသို့ထွက်လာစဉ် လမ်းလျှောက်လာသော မြန်မာတစ်ယောက်ကို မမျှော်လင့်ဘဲ ဝင်တိုက်မိသည်။ အတိုက်ခံရသူက ဘာမှမဖြစ်သော်လည်း ဂျပန်စစ်သား မှာမူ စက်ဘီးရော လူရော လဲကျသွားသည်။ ထိုအခါ ဂျပန်စစ်သားသည် လဲနေရာမှ ချက်ချင်းထ၍ သူ၏ မှတ်စုစာအုပ်ကို ထုတ်လျက် စာရွက်များကို အပြင်းအထန် လှန်နေသည်။ ကိုရွှေ မြန်မာမှာမူ သူ့ကို ရေးမှတ်သွားပြီး ဖမ်းဆီးတော့မည် ထင်၍ ကြောက်လန့် တုန်လှုပ်နေ၏။
သို့သော် ဂျပန်စစ်သားက သူ၏မှတ်စုစာအုပ်ကို ကြည့်၍ အားရပါးရ အော်လိုက်သံကို ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကို မနည်းချုပ်တည်း ထားရလေ၏။
ဂျပန်စစ်သားက မြန်မာစကား မပီမသဖြင့် အော်လိုက်သည်ကတော့ “အမလေးဗျ” ဟူသတည်း။

girls=evil

19/09/2008

သူတို့ ဤသို့တီထွင်ခဲ့ကြသည်

15/09/2008

ဖြစ်ချင်လို့ ပါ

02/09/2008


ကမ္ဘာကျော် စာရေးဆရာကြီး တစ်ဦးထံသို့  လူငယ်တစ်ဦး ရောက်လာ၏ ။
"စာရေးဆရာကြီး ခင်ဗျာ..ကျွန်တော်လည်း ဆရာကြီးလို ကမ္ဘာကျော် စာရေးဆရာကြီး
တစ်ယောက် ဖြစ်ချင်ပါတယ်"
"ကောင်းတာပေါ့ကွာ"
"ကျွန်တော့်ကို နည်းလမ်း ပေးပါ ခင်ဗျာ"
"စာများများ ဖတ်...များများရေးပါ"
"ဟုတ်ကဲ့..ဘယ်သူ့ ဆီ လိပ်စာတပ် ရေးရမလဲ ခင်ဗျာ"
"ဟာကွာ..မင်းကလည်း"
"နောက်ပြီး ဘယ်လို စရေးရမယ် ဆိုတာကိုလည်း ပြောပြပါ ခင်ဗျာ"
"အေး..ဘယ်ဘက်ကစပြီး ညာဘက်ကို ရေးကွ"