ဂျပန်နိုင်ငံက မြန်မာဒုက္ခသည်များ အခြေချ နေထိုင်ခွင့်ပြုတော့မည်

22/12/2008

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာဒုက္ခသည်အချို့ကို နိုင်ငံတွင်း နေထိုင်ခွင့်ပေးရန် ဂျပန်အစိုးရက သဘောတူလိုက်ပြီ ဖြစ်သည်။
၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၃၀ ဦးကို ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်ခွင့်ပြုရန် အင်္ဂါနေ့တွင် ပြုလုပ်သည့် ဝန်ကြီးချုပ်Taro Aso ကိုယ်တိုင် တက်ရောက်သော ဂျပန်အစိုးရ ကက်ဘိနက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
မြန်မာဒုက္ခသည်များကို ထောက်ပံ့ကူညီမည့် အစီအစဉ်များကို ဥပဒေရေးရာမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၉ ခုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ တာဝန်ရှိသူများ ဆက်လက်ဆွေးနွေးနေကြသည်ဟု သိရသည်။
ဒုက္ခသည်များကို ၁၅ ဦးခန့်စီ ၂ သုတ်ခွဲ၍ ခေါ်ရန် ကနဦး သတ်မှတ်ထားသည်ဟု မစ္စတာ တာနာကာ က ပြောသည်။ဒုက္ခသည်များကို ခေါ်ယူရေး အစီအစဉ်ကို ဂျပန်အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက စတင်၍ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။
ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များ၏ တတိယ နိုင်ငံများသို့ အခြေချနေထိုင်မှုကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျားနှင့် အခြား ဥရောပနိုင်ငံများက လက်ခံကာ လုပ်ဆောင်ပေးလျက်ရှိနေပြီး ဂျပန်နိုင်ငံသည် အာရှတိုက်တွင်းမှ ပထမဆုံး လက်ခံဆောင်ရွက်ပေးသည့် နိုင်ငံတခု ဖြစ်သည်။ဂျပန် နိုင်ငံသည် လူသားချင်း စာနာသည့် လုပ်ငန်း ဆောင်တာများ အတွင် ဒေါ်လာ သန်းပေါင်း (၁၁၀) ကျော် ကျခံ သုံးစွဲခဲ့ သည်ဟု သိရှိ ရသည်။
၂၀၀၈ နှစ်ဦးပိုင်း ကုလသမဂ္ဂ စစ်တမ်းများအရ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော မြန်မာဒုက္ခသည် ဦးရေ ၁ သိန်း ၄ သောင်းကျော် ရှိနေပြီး၊ ပြင်သစ်နိုင်ငံသို့ ၁ သောင်းကျော်၊ အင်္ဂလန်နိုင်ငံသို့ ၆ ထောင်ကျော်နှင့် အမေရိကန် နိုင်ငံသို့ မြန်မာဒုက္ခသည် ၂ သောင်းကျော် အခြေချနေထိုင်ရန် ရောက်ရှိပြီး ဖြစ်သည်။