လူယုတ်မာ ဂဠုန်ဦးစော မိသားစုများက စာရေးဆရာ ကို တောင်းပန်ခိုင်း

11/03/2009

နိုင်ငံတော် လုပ်ကြံမှု တရားခံ ဂဠုန်ဦးစောရဲ့ နောက်ဆုံးနေ့ များ စာအုပ်ရေးသားသူ ကို ဂဠုန်ဦးစော၏ မြေးများက အချက်အလက်များ မှားယွင်းကြောင်း နှင့် ထုတ်ဝေခွင့် တောင်းခံမှု မပြုခဲ့ခြင်း တို့ကြောင့် တောင်းပန် ခိုင်းသည့် စာတစ်စောင် ပေးခဲ့ကြောင်း သိရသည်။
စာရေးဆရာ သန်းဝင်းလှိုင် ရေးသားသော ယင်းစာအုပ် အတွက် တောင်းပန် ခိုင်းသည့် စာကို အင်ကြင်းစာပေ မှတဆင့် ဂဠုန်ဦးစော ၏မြေး ဒေါ်ခေမာရင် ပေးပို့ခဲ့ရာ ယမန်နေ့၌ လက်ခံရရှိ ခဲ့ကြောင်း စာရေးဆရာ က အတည်ပြု ပြောဆိုသည်။
အဆိုပါ စာတွင် မိသားစု ၏ ခွင့်ပြုချက် မရဘဲ စီးပွားရေး အတွက် ထုတ်ဝေခြင်း နှင့် ပုဂ္ဂိုလ်ရေး ထိခိုက် နစ်နာ စေသော အချက်များ ပါခြင်း တို့ကြောင့် စာရေးသူမှ တောင်းပန် ရမည်ဟု ဖော်ပြထား ကြောင်း သိရသည်။
“ကျနော်တို့က စီးပွားရေး အရ ထုတ်ဝေတာ မဟုတ်ဘူး။ နိုင်ငံရေး အရ ထုတ်ဝေတာလည်းမဟုတ်ဘူး။ အများ သိသင့် သိထိုက် တဲ့ သမိုင်း တွေမို့လို့ ရေးသား ထုတ်ဝေတာ ဖြစ်တယ်။ နောက်ပြီး သူတို့က အချက်အလက် တွေ မှားတယ် လို့ ပြောတယ်။ ဂဠုန်ဦးစော သမီး ဘေဘီစော ရဲ့ အခြား နာမည်ဟာ မခင်ရီ ဆိုတာ မဟုတ်ဘူး လို့လည်း သူတို့က ပြောတယ်။ ကျနော်က အသေအချာ ကိုးကား ပြီးမှ ရေးခဲ့တာ။ ၁၉၄၇ ခုနှစ် သြဂုတ်လ (၂၉) ရက် ထုတ် သတင်းစုံဂျာနယ် မှာလည်း ဘေဘီစော ရဲ့ အခြား အမည်ဟာ မခင်ရီ ဆိုတာ ရေးထားတယ်” ဟု စာရေးသူ က ပြောသည်။
အဆိုပါ စာမူအား စာပေစိစစ်ရေး အပြင် သမိုင်း သုတေသန ဌာနသို့လည်း တင်ပြခဲ့ရကြောင်း၊ ယင်းဌာနတို့မှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ အတွင်း ထုတ်ဝေခွင့် ချပေးခဲ့ရာ ယခုနှစ် ဇန်န၀ါရီ (၂၅) ရက်တွင် စာအုပ် ဖြန့်ချီ ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ထိုစာအုပ် ထွက်ရှိ လာပြီး နောက် ဦးညီညီရင် နှင့် ဒေါ်ဘေဘီစော တို့၏ သားသမီးများ က စာရေးဆရာ ထံ တောင်းပန်ရန် စာ ပေးပို့ ထားခြင်း ဖြစ်ကြောင်း၊ ယင်းစာ ပေးပို့မှု မှာ ပုဂ္ဂလိက တောင်းဆိုမှု တစ်ခုသာ ဖြစ်ကြောင်း စာရေးသူ ဘက်မှ ကူညီ ဆောင်ရွက် ပေးနေသည့် ရှေ့နေ ဒေါ်ခင်ခင်အေး က ပြောသည်။