ထိုင်းစစ်တပ်က ရိုဟင်ဂျာ များကို ပင်လယ်ထဲ မောင်းထုတ်

17/01/2009

ထိုင်းအာဏာပိုင်များက လှေတစီးကို နိုင်ငံတကာ ရေပိုင်နက် အတွင်းသို့ ပြန်လည် မောင်းထုတ်ခဲ့ရာ လှေပေါ်တွင် ပါသွားသူထဲမှ သေဆုံးသူ အနည်းဆုံး ၄ ဦးရှိသည်ဟု အခိုင်အမာ သိရပြီး၊ ၃ဝဝ ခန့် ပျောက်ဆုံး နေသည်ဟု သတင်းဌာန များမှတဆင့် သိရသည်။
ထိုင်းရေတပ်က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၄၁၂ ဦးကို လှေကြီး တစီးပေါ် တင်၍ ပြီးခဲ့သည့်လ ၁၈ ရက်နေ့က Koh Surin ကျွန်းမှ နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ပို့ဆောင် လိုက်သည်။
“သူတို့ ပင်လယ်ဘက် ပြန်မသွားချင်ဘူး။ လမ်းခရီးမှာ ရိက္ခာပြတ်ပြီး သေမှာကို စိုးရိမ်တယ်။ ထိုင်းစစ်တပ်က သေနတ်နဲ့ ချိန်ထားတော့ လှေပေါ် ပြန်မတက်ချင်ဘဲ တက်ခဲ့ရတယ်” ဟု ပြောပြသည်။ ထိုင်းစစ်တပ်က လှေပေါ်မှ အင်ဂျင်ကို ဖြုတ်ယူထားပြီး ရိက္ခာအဖြစ် သောက်သုံးရေ တိုင်ကီ ၂ လုံး၊ ဆန် အိတ် ၄ အိတ် ပေးလိုက်သည်ဟု ပြောပြသည်။
အသက်ရှင် ကျန်ရစ်သူများထဲမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ လူငယ်၏ ပြောပြချက်အရ ၎င်းနှင့်အတူ ရွာမှ ထွက်လာသူများအနက် ၄ ဦးသေဆုံးပြီး ၄ ဦး အသက်ရှင် ကျန်ရစ်ကြောင်း၊ မလေးရှား နိုင်ငံသို့ သွားရောက်ရန် စိတ်ကူးခဲ့ကြကြောင်း ရှင်းပြသည်။
ရိုဟင်ဂျာများသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး၊ နိုင်ငံမဲ့နေသော လူနည်းစု တိုင်းရင်းသားများ ဖြစ်သည်။ မြန်မာ အာဏာပိုင်များ၏ ဖိနှိပ်မှုကို ခံနေရသည်။ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့် ရသူများ မဟုတ်ပေ။
မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက် များကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်း လာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြသည်။ အခြား နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်။
ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇- ၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တလအတွင်း တရားမဝင် ရောက်ရှိလာသော ရိုဟင်ဂျာများကို ဖမ်းဆီးရမိမှု ၈ ကြိမ်ရှိခဲ့ပြီး လူဦးရေ စုစုပေါင်းမှာ ၆၅၉ ဦး ဖြစ်သည်။