အမေ နဲ့ သား (သို့) “သ”ဝဂ်ကထာ

07/04/2009

(အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)
အမေ ကျနော့်ကို မတားနဲ့
ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။
အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ တမလွန် ခရီးကို မသွားပါနဲ့ဦး
ကျနော်တို့ ဒီမိုကရက်တစ်နိုင်ငံတော်ဆီ သွားရဦးမယ် အမေ …။
အမေ ကျနော့်ကို မတားနဲ့
ကျနော် နေပြည်တော်ကို သိမ်းမှ ဖြစ်မယ်။
အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ … လူ့ဘဝကို မသိမ်းပါနဲ့ဦး
ကျနော်တို့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ
သွေးစွန်းနေတဲ့ ဒေါင်းအလံတွေ
သွေးစွန်းနေတဲ့ မျက်ရည်တွေ သိမ်းရဦးမယ် အမေ …။
အမေ ကျနော့်ကို မတားနဲ့
ကျနော် စစ်အာဏာရှင်မှန်သမျှ သတ်မှဖြစ်မယ်။
အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ ပရိဒေဝမီးတွေ မသတ်ပါနဲ့ဦး
ကျနော်တို့ အစိုးရအကြမ်းဖက်ဝါဒကို သတ်ရဦးမယ် အမေ
ကျနော်တို့
အစိုးရ အကြမ်းဖက်ဝါဒကို
သတ်ရဦးမယ် အမေ …။ ။
အမေ့သား-အောင်ဝေး
၂၃-၁၀-၂၀၀၇
(ခေတ္တ ပုန်းခိုကျင်း တနေရာ)