ဒီနေ့မွေးနေ့ အမှတ်တရကဗျာ

25/09/2008


ပန်းပန်လျက်ပဲ (ဗေဒါလမ်း ကဗျာစု)

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ဗေဒါမ အတွေ့
အုန်းလက်ကြွေ သူ့နဘေး၊ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတစ်လုံးက၊ဖုံးလိုက်ပြန်ပါ့
မြုပ်လေပေါ့ ပေါ်မလာ၊မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ၊ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်ငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်ကတစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ပန်းပန်လျက်ပဲ။

(ဆရာဇော်ဂျီ)
ဆရာဇော်ဂျီ ကို ၁၉၀၇ ခုနှစ် ဧပြီလ ၁၂ ရက် သောကြာနေ့ တွင် ဧရာဝတီတိုင်း ဖျာပုံမြို့တွင် အဖ ဦးယော အမိ ဒေါ်စိန်ညွှန့်တို့မှ မွေးဖွား၍ မွေးချင်း ၉ ယောက်တွင်အကြီးဆုံးသား ဖြစ်သည်။ ဆရာဇော်ဂျီသည် မြန်မာနိုင်ငံ သုတေသန အသင်း ဥက္ကဌ၊မြန်မာ့သမိုင်း ကော်မရှင် ဥက္ကဌ၊မြန်မာစာပေ ပြုစုရေးနှင့်ဘာသာပြန် ကော်မရှင်၏ ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဌ၊အမျိုးသားစာပေဆု ရွေးချက်ရေး ဥက္ကဌ၊ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ စသည့်တာဝန်များယူခဲ့သည်။ ၁၉၉၀ စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ကမ္ဘောဇလမ်း အမှတ် ၁၀ (က) နေအိမ်တွင် ကွယ်လွန်ခဲ့သည်။