ဗေဒင်ဆရာ ဘအေး မှန်လိုက်လေ

11/11/2008

တောရွာတစ်ရွာတွင် ဗေဒင်ဆရာ ဘအေး အလွန်မှန်သည်ဟု နာမည်ကြီးနေ၏။ ထို့ကြောင့် တစ်နေ့တွင် ထိုရွာမှ လုတစ်ယောက်သည် ဗေဒင်ဆရာ ဘအေး ထံတွင် သွား၍ ဗေဒင်ကြည့်၏။ ထိုအခါ ဗေဒင်ဆရာက
ခင်ဗျား ဆယ့်လေးငါးရက် အတွင်းမှာ သွေးထွက်သံယို ဖြစ်ကိန်းမြင်တယ်
ဟူ၍ ဟောလိုက်၏။
ထိုသူလဲ ဆယ့်လေးငါးရက် စောင့်၍ကြည့်၏။ သူ့တွင်ဘာမှ မဖြစ်သဖြင့် ရွာထဲရှိ လူစုစုရှိသော နေရာတိုင်းတွင်
ဗေဒင်ဆရာ ဘအေး မှန်တယ် မှန်တယ် ဆိုတာ အလကားပါကွာ၊ တစ်နေ့ကသူ ငါ့ကို ဆယ့်လေးငါးရက် အတွင်း သွေးထွက်သံယို ဖြစ်ကိန်းမြင်တယ်လို့ ဟောတယ်၊ အခု ဆယ့်လေးငါးရက်ပဲ ရှိပေါ့ ဘာမှမဖြစ် ပါဘူး၊ ဒီဗေဒင်ဆရာ အလကားပါကွာ
ဟူ၍ပြောပြီး နာမည် ဖျက်နေသည်။ ထိုသတင်းကို ကြားသော ဗေဒင်ဆရာ ဘအေးက
အင်း...ဒီကောင် ငါ့ထမင်းအိုးကို ခွဲမယ့်ကောင်ပဲ၊ မဖြစ်တော့ဘူး
ဟူ၍စဉ်းစားပြီး မှောင်မိုက်သော ညတစ်ညတွင် ဗေဒင်ဆရာ ကိုယ်တိုင် ထိုသူကို ချောင်းရိုက်တော့၏။
ထိုမှစ၍
ဗေဒင်ဆရာ ဘအေး သွေးထွက်အောင် မှန်တယ် ဟူ၍ နာမည် ပိုကြီး လာတော့၏။