ဒီပဲယင်း ၆ နှစ်ပြည့်

30/05/2009

၁၉၉၃ မေလ ၃ဝ ရက်နေ့ည က ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ် အဖွဲ့ဝင် များကို တင်ဆောင် လာသော မော်တော် ယာဉ်တန်း သည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ပြင်တွင် တုတ်၊ ဓား စသည့် လက်နက်မျိုးစုံ ကိုင်ဆောင် စောင့်ဆိုင်း နေသော လူအုပ်ကြီး ၏ တိုက်ခိုက်မှု ကို ခံခဲ့ရကြောင်း မျက်မြင် သက်သေ များက ပြောသည်။
ကားမှန်များ ကွဲသွားသည့် အချိန်တွင် ယာဉ်မောင်းသူ ကိုကျော်စိုးလင်းက သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် လူအုပ် အတွင်းမှ မောင်းထွက် သွားသဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် ထိုသတ်ကွင်း အတွင်းမှ လွတ်မြောက် သွားခဲ့သည်။
“ကားထဲကို တုတ်၊ ဓားတွေနဲ့ ပစ်လို့ ကျနော်တောင် မှ ခေါင်းကွဲ သွားသေးတယ်” ဟု ကိုကျော်စိုးလင်းက ပြောသည်။
သံဆူးကြိုး အရံအတားများ ကို ဖောက်ထွက် အပြီး ဝင်ရောက် တိုက်ခိုက်လာသော ဒိုင်နာကား ၂ စီး ကိုလည်း ရှောင်ထွက် ခဲ့ကြောင်း၊ ထို့ပြင် ရေဦးမြို့သို့ သွားသည့် လမ်းတွင် စောင့်နေသော ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ ကိုလည်း ဖောက်ထွက် နိုင်ခဲ့ကြောင်း ကိုကျော်စိုးလင်းက ပြောသည်။ သေနတ်သံများ ထွက်ပေါ် လာသော်လည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို ကျည်ဆန် ထိမှန်ခြင်း မရှိဟု ဆိုသည်။
“ဒီပဲယင်း မရောက်မီ နှစ်မိုင်ခန့် အကွာ မြို့အဝင် တွင် ဒေါ်စုကြည်အား ကန့်ကွက် ဆန္ဒပြရန် စောင့်နေသည့် လူ အင်အား (၅ဝဝဝ)ခန့် ရှိသည့် လူစု လူဝေး နှင့် ကြုံတွေ့ ခဲ့ရကြောင်း”ဟု တိုက်ခိုက်မှု အပြီး နောက်တနေ့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် အာဏာပိုင် တို့က ပြောကြား ခဲ့သည်။ လူ ၄ ဦး သေဆုံးပြီး ၅ဝ ခန့် ဒဏ်ရာ ရသွားသည် ဟု ဆိုသည်။ မျက်မြင် သက်သေ များကမူ ထိုထက်မက သေဆုံး၊ ဒဏ်ရာ ရမှုများ ရှိသည်ဟု ပြောကြသည်။