ဓနုတ်စေတီ ပြိုကျ

31/05/2009

ဓနုတ်ကျေးရွာ မှာ ရန်ကုန် တဘက်ကမ်း ဒလမြို့မှ ကားဖြင့် မိနစ် ၄၀ ဝန်းကျင် အကွာအဝေး တွင် တည်ရှိပြီး၊ ယမန်နှစ် နာဂစ် မုန်တိုင်း ဒဏ် ခံစား ခဲ့ရသည့် ကျေးရွာ တရွာလည်း ဖြစ်သည်။ ရှေးဟောင်း စေတီ တဆူဖြစ်သည့် ထိုစေတီ ကို နာဂစ် မုန်တိုင်း နောက်ပိုင်း ပြန်လည် ပြင်ဆင်ရန် အလှူငွေ ကောက်ခံမှုများ ပြုလုပ် ခဲ့သည်ကို ကြားသိ ခဲ့ရပြီး ပြင်ဆင်မှု လုပ်ငန်းများ မပြီးဆုံးမီ လွန်ခဲ့သည့် နှစ် ပတ်ဝန်းကျင် က နအဖ စစ်ခေါင်းဆောင် ၏ ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် က လာရောက် ထီးတင် ခဲ့သည် ဟုသိရသည်။
ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ် ဓနုတ် ကျေးရွာ တွင် တည်ရှိသော ဓနုတ် စေတီ ပြန်လည်ပြင်ဆင် နေစဉ် ပြိုကျ ရာမှ ရေတပ်သား အပါအဝင် ၅၀ ဦးထက် မနည်း ဆေးရုံ တင်ထားရပြီး လူ ရာဂဏန်း နှင့် ချီဒဏ်ရာ ရရှိ ကြောင်း ကြားသိရသည်။ မေလ ၃၀ ရက် နေ့လည် ၂ နာရီ ၃၀မိနစ် ဝန်းကျင် က ရှေးဟောင်း စေတီ ကို ပြန်လည်ပြင်ဆင် လျက် ရှိသည့် ဓနုတ် စေတီ ပြိုကျ ရာတွင် လုပ်အားပေး လုပ်ကိုင် နေသည့် ရေတပ်မှ စစ်သား အများအပြား နှင့် နေ့စား အလုပ်သမား များနှင့် ရွှေသံလွင် ကုမ္ပဏီ မှ ဆောက်လုပ်ရေး အလုပ် သမားများ ဒဏ်ရာ ရရှိခဲ့ကြသည်။